ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)
ကမ္ဘာ့နေရာဒေသ အသီးသီးတွင်နေထိုင်ကြသူများသည် အဆောက်အအုံများကို မိမိတို့နေထိုင်ရန် နှင့် အခြားရည်ရွယ် ချက်များဖြင့် အသုံးပြုရန် ဆောက်လုပ်ထားကြခြင်းဖြစ်သော်လည်း လူလည်းမနေ အသုံးလည်းမပြုသည့် အဆောက်အအုံများကို ကမ္ဘာ့နိုင်ငံတိုင်း တွင်မြင်တွေ့နိုင်သည်။တန်ဖိုးနည်းသော အဆောက်အအုံများကို အသုံးမပြုဘဲ စွန့်ပစ်ထားခြင်းသည် မထူးခြား လှ သော်လည်း ငွေကြေးအမြောက်အများကျခံကာ တည်ဆောက်ပြီးမှ စွန့်ပစ် ထားသည့် အဆောက်အအုံများသည်ကား အမြင်ထူး သည် နှင့်အမျှ တစ်ခါတစ်ရံတွင် နားမလည်နိုင်အောင် ဖြစ်ကြရသည်။
၁။ လန်ဒန်မြို့မှ လူမနေသည့် အဆောက်အအုံများ
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အနီးတွင် ပလာဟင်းလင်းဖြစ်နေသည့် အဆောက်အဦများစွာကိုမြင်တွေ့နိုင်သည်။သန်းကြွယ် သူဌေးများ အိမ်တန်းဟု ခေါ်သည့် ယင်းနေရာသည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဈေးအကြီးဆုံးနေရာတစ်ခုလည်းဖြစ်သည်။ ထိုနေရာရှိ သန်းကြွယ် သူဌေးများ၏ အိမ်များတွင် သန်းကြွယ်သူဌေးများ၏ ဇိမ်ခံ အသုံးအဆောင်များ မရှိသလောက်ဖြစ်သည်။ ထိုအိမ်စုများ၏ သုံးပုံတစ်ပုံသည် ဟင်းလင်းဖြစ်နေကြကာ နှစ်ပေါင်း ၃၀ နီးပါးစွန့်ပစ်ထားကြသည့် အိမ်များဖြစ်ကြသည်။
ထိုအိမ်များ၏ တန်ဖိုးသည် လန်ဒန်သားများ မဝယ်ယူနိုင်သည့် ဈေးနှုန်းများဖြစ်နေသော်လည်း ပြည်ပနိုင်ငံသားများက ထိုနေရာမှ အိမ်များကို ဝယ်ယူရန် စိတ်ဝင်စားကြသည်။ မည်သူမှ မနေထိုင်သည့် အိမ်ကြီး ၁၀ လုံးပါဝင်သည့် မြေနေရာတစ်ခု၏ တန်ဖိုးသည် စတာလင်ပေါင် ၇၃ သန်းဖြစ်ပြီး ယင်းနေရာမှ အိမ် အများစုကို ဆော်ဒီအာရေဗီးယားမှ တော်ဝင်မိသားစုများက ဝယ်ယူပိုင်ဆိုင် ထားကြသည်။ ထိုအိမ်များကို ဆော်ဒီ တို့က ၁၉၈၉ ခုနှစ် နှင့် ၁၉၉၃ ခုနှစ်များအတွင်းက ဝယ်ယူထားခဲ့ကြပြီး မည်သို့မျှ အသုံးမပြု ဘဲ မရှိဘဲ ပစ်ထားခဲ့ကြသည်။
လန်ဒန်မြို့၊ သန်းကြွယ်သူဌေး အိမ်တန်းအနီးတွင် ၁၀ နှစ်ကျော်ကြာနေထိုင်လျက်ရှိသူ့ အီဂျစ်လူမျိုး ခွဲစိတ် သမားတော် ဒေါက်တာ မဂ်ဒီအဒစ်ဘ် အီရှတ်ဟာနာက သူနေထိုင်ခဲ့သည့် ကာလတစ်လျောက် မည်သည့် အိမ်နီးချင်းကိုမှ မတွေ့ရ ကြောင်းနှင့် သူ ရောက်ရှိနေချိန်မှစ၍ အိမ်သုံးလုံးသာ လူနေသည်ဟု ယူဆရကြောင်းပြောကြားခဲ့သည်။
၂။ တစ်ညတာ ပန်းချီပြခန်းအိမ်
အမေရိကန်နိုင်ငံ၊ လော့အိန်ဂျယ်၊အနောက်ပိုင်းအာဒမ်ခရိုင်ရှိ ပြိုလဲကျလုနီး အိမ်အိုကြီးတစ်လုံးတွင် တစ်ညတာပန်းချီပြပွဲ တစ်ခုကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့သည်။နယူးယောက်မြို့မှ ပန်းချီသမား ဟန်စကီနှင့် အခြားပန်းချီသမား ၄၀ တို့သည် စွန့်ပစ်ထားသည့် အိမ်အိုကြီးတစ်ခုတွင် ပန်းချီပြပွဲ ပြုလုပ်ခဲ့ရာ အသက်ရှူမှားမတတ် ရင်မောခဲ့ကြရသည်။
ထိုအိမ်အိုကြီးသည် ၁၉၁၁ ခုနှစ်တွင်ဆောက်လုပ်ခဲ့သည့် သက်တမ်းရာကျော် အိမ်ကြီးဖြစ်ပြီးဒေါ်လာကိုးသိန်းဖြင့် ရောင်းချ ရန် ဈေးခေါ်ထားသည်။ ပန်းချီဆရာတစ်စုသည် အိမ်အိုကြီးပေါ်တွင် ပန်းချီကားများပြသနိုင်ရန် လဲပြိုလုနီးပါးဖြစ်နေသည့် အိမ်ကြီး၏ နေရာတိုင်းကို ပစ္စည်းအသစ်များဖြင့် အစားထိုးကာ တစ်ညတာ အလုပ်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။မည်သူတစ်ဦး တစ် ယောက် မှ နေထိုင်ခြင်းမရှိသည့် ထိုအိမ်ကြီးကို ပန်းချီသမားများက အာရုံကျခဲ့ကြသည်။
၃။ ရုပ်ရှင်ရိုက်ကွင်း အိမ်အိုကြီး
လော့စ် အိန်ဂျယ်မှ ဘက်ကက် စံအိမ်ဟု ခေါ်သည့် သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံ အမှတ်၁၁၇ ကို မကြာမီက လူနေထိုင်ရန် မသင့်တော်သော အဆောက်အအုံဟု ယူဆခဲ့ကြသည်။အဆိုပါ အိမ်ကြီးသည် ဟားဗတ်တောင်ပိုင်းရိပ်သာ လမ်းပေါ် တွင် တည်ရှိကာ ၁၉၀၅ ခုနှစ် အစောပိုင်းတွင် တည်ဆောက် ခဲ့သည်။ထိုအိမ်ကြီး၏ပိုင်ရှင်သည် ထိုစဉ်ကလော့စ်အိန်ဂျယ်ဆေးပညာ ရှင်များအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝက်စ်လေဘက်ကက်ဖြစ်သည်။
တစ်ချိန်က အလွန်ခမ်းနားကြီးကျယ်ခဲ့သည့် အဆိုပါ အိမ်ကြီးတွင် အိပ်ခန်းခြောက်ခန်း၊ ရေချိုးခန်း လေးခန်းရှိသည်။လက်ရှိ အချိန်တွင် အဆိုပါ အိမ်ကြီးကို ရုပ်ရှင်ရှုတင်နေရာတစ်ခုအဖြစ်အသုံးပြုနေသည်။၂၀၁၅ခုနှစ်တွင်ထိုအိမ်ကြီးကိုဂေါဖရီဂေါ်ဒွန်ဝီးစစ် ဆိုသူ က ဝယ်ယူခဲ့ကာ ယခုအခါတွင် ကယ်လီဖိုးနီးယားပြည်နယ်အစိုးရနှင့် ၁၀ နှစ်သက်တမ်းရှိမည့် အဆောက်အအုံ ထိန်းသိမ်း စောင့်ရှောက်ရေးစာချုပ်ချုပ်ဆိုရန် စီစဉ်လျက်ရှိသည်။
၄။ ဟဲဗီးဝိတ်ချန်ပီယံ ၏ စံအိမ်အို
တစ်ချိန်က ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ မိုက်တိုင်စန် ပိုင်ဆိုင်ခဲ့သည့်အိမ်ကြီးကို ခရစ်ယာန်ဝတ်ပြုကျောင်း အဖြစ်ပြောင်း လဲ ခဲ့သည်။ မိုက်တိုင်စန်သည် ၁၉၉၀ ပြည့်နှစ် အစောပိုင်းတွင် ထောင်ဒဏ်ကျခံခဲ့ရသဖြင့် ထိုအိမ်တွင် မနေထိုင်ခဲ့ရ သော်လည်း လက်ရှိ အချိန်တွင် မိုက်တိုင်စန်သည် သူ၏ အိမ်ဟောင်းကြီးဆီသို့ လာရခြင်းကို ပျော်ရွှင်လျက်ရှိသည်။၁၉၉၉ ခုနှစ်တွင် မိုက်တိုင်စန်သည် ထောင်ထပ်မံကျခဲ့ရပြီးနောက် များစွာ ရုန်းကန်ခဲ့ရကာ ငွေကြေးပြတ်လပ်ခဲ့သည်။
ထိုသို့ ကြပ်တည်းနေချိန်တွင် မိုက်တိုင်စန်သည် မိမိပိုင်အိမ်ကြီးကိုရောင်းချခဲ့ရသည်။ အိမ်ခြံဝင်းကြီးသည် ၅၈ ဧကကျယ် ဝန်းပြီး အိမ်အဆောက်အအုံသည် ၁၉၅၀၀ စတုရန်းပေ ကျယ်ဝန်းသည်။အိုဟိုင်းရိုးပြည်နယ်၊ဆောက်သင်ဂန်တွင်ရှိသည့် အိမ်ကြီး တွင် ၁၉၈၀ ပြည့်နှစ်များက မိုက်တိုင်စန်နေထိုင်ခဲ့သည်။ယင်းအိမ်ကြီးကို ရုပ်သံ ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် ဝယ်ယူသွားခဲ့သည်။ထိုလုပ်ငန်းရှင်သည် ငွေကြေးခဝါချမှုဖြင့် ထောင်ဒဏ်ကျခံရသဖြင့် အိမ်ကြီးတွင် နေသူ မရှိခဲ့ ဘဲ နောက်ဆုံးတွင် ထရမ်ဘူးလ် အိမ်ခြံမြေဖော်ထုတ်ရေး လုပ်ငန်းမှ ဝယ်ယူသွားခဲ့ကာ ခရစ်ယာန် ဝတ်ပြု ကျောင်း အဖြစ်ပြောင်း လဲခဲ့သည်။ဝတ်ပြုကျောင်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့ရာ မူလပိုင်ရှင် မိုက်တိုင်စန်ကို ဖိတ်ကြားခဲ့သည်။
၅။ မိသားစုပဋိပက္ခကြားမှ အိမ်အို
ကာလီဖိုးနီးယားပြည်နယ်ရှိ ဘီဗာလီ တောင်တန်းရှိ အိမ်ခြံများသည် လူအများ ပိုင်ဆိုင်လိုကြသည့် စံအိမ်များဖြစ်ကြသည်။ ယင်းနေရာတွင် ရှိနေသည့် အိမ်များအနက် ၅၈၀၀ စတုရန်းပေ ကျယ်ဝန်းသည့် အိမ်ကြီးတစ်လုံးသည် နေထိုင်သူမရှိဘဲ ပြိုလဲ ပျက် စီးမည့် အနေအထားတွင်ရှိနေသည်။ယင်းအိမ်ကြီးကို ၁၉၂၅ ခုနှစ်တွင်တည်ဆောက်ခဲ့ကာ ထိုအချိန်က ကဇာတ်ရုံ မန်နေဂျာ ဗင်းဆင့် မင်နီလီဆိုသူ ပိုင်ဆိုင်ခဲ့သည်။ယင်းအိမ်ကြီးနှင့် စပ်လျဉ်းလျက် မင်နီလီ၏ သမီးလစ်ဇာနှင့် မိထွေးဖြစ်သူလီတို့သည် မိသားစု ပဋိပက္ခဖြစ်ပွားကာ လေးနှစ်ကြာ တရားရင်ဆိုင်ခဲ့ကြရသည်။
မင်နီလီသည် ထိုအိမ်ကြီးမှာပင် ၁၉၈၆ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။သူက သူ၏ သေတမ်းစာတွင် သူ၏ဇနီး လီကို အိမ်ကြီး တွင်သူမ တစ်သက် နေထိုင်ခွင့်ပေးခဲ့ပြီး သမီး လစ်ဇာကို သူ့ အိမ်ခြံမြေအားတာဝန်ရှိသူအဖြစ်လွှဲအပ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် လစ်ဇာသည် အိမ် ကြီးကို ရောင်းချရန် ဆုံးဖြတ်ခဲ့ပြီး မိထွေးဖြစ်သူကို ကွန်ဒို တစ်ခန်းဝယ်ပေးရန် ကမ်းလှမ်းခဲ့သည်။သို့သော်လည်း ၂၀၀၂ ခုနှစ်တွင် အိမ်ကို ရောင်းချချိန်တွင် လီသည် အိမ်ကြီးမှပြောင်းရွှေ့ပေးရန် ငြင်းဆန်ခဲ့ပြီး အမျိုးသမီးနှစ်ဦးသည် တစ်ဦးနှင့် တစ်ဦး ညှိနိုှုင်း၍ မရခဲ့ပါချေ။
သမီးနှင့် မိထွေးတို့သည် တရားရင်ဆိုင်ခဲ့ကြပြီး ထိုအချိန်တွင် လီသည် အသက် ၉၄ နှစ်ရှိနေပြီဖြစ်သည်။ နောက်ဆုံး တွင် တရားရင်ဆိုင်နေရမှုများ ပြီးဆုံးခဲ့ရသည်။အိမ်ကြီးကို ဝယ်ယူသူများက လီကို ထိုအိမ်ကြီးတွင် ငှားရမ်းခယူကာ ဆက်လက်နေထိုင် ခွင့်ပြုခဲ့သည်။ လီသည် မိမိခင်ပွန်းသည်၏ ဆန္ဒအတိုင်း ထိုအိမ်ကြီးတွင် အသက်ထက်ဆုံးနေထိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်ကွယ် လွန် ခဲ့သည်။ ယခုအချိန်တွင် တစ်ချိန်က အိမ်အိုကြီးသည် မြို့ပြ စီမံကိန်း ရပ်ကွက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီဖြစ်ပေသည်။
၆။ တစ်ဒေါ်လာတန်အိမ်
အမေရိကန် နိုင်ငံ၊ ကန်တက်ကီပြည်နယ်ရှိ အိမ်ကြီးတစ်လုံးသည် ၁၉ ရာစု ရောမ လက်ရာ ရှားပါး အဆောက်အအုံကြီး တစ်ခုဖြစ်သည်။အိမ်ကြီး၏ ပိုင်ရှင်သည် ကော်ဖီ လုပ်ငန်းရှင် ဆန်မျူရယ်အွာဘက္ကာ ဖြစ်ပြီး နောက်ပိုင်းတွင် ယင်းအိမ်ကြီးကို လူနေ အိမ်အဖြစ်မှ အခွန်ကောက် လုပ်ငန်းရုံး အဖြစ်သို့ပြောင်းလဲခဲ့သည်။သို့သော်လည်း ၂၀၀၅ ခုနှစ်တွင် အခွန်အကောက်များ မပေး သွင်းမှုကြောင့် ထိုအိမ်ကြီးကို လွှဲပြောင်းပေးခဲ့ရသည်။
အိမ်ကြီးတွင် နောက်ဆုံးရှိနေကြသူများ ထွက်ခွာသွားခဲ့ချိန်တွင်အိမ်ကြီးသည် ပျက်စီးလုနီးပါးဖြစ်နေခဲ့သည်။ အဆောက် အအုံ၏ ပင်မအစိတ်အချို့ ပြိုကျနေကာ ရေပေးမှုစနစ်နှင့် လေဝင်လေထွက် စနစ်များလည်း ပျက်စီးနေခဲ့သည်။၂၀၀၈ ခုနှစ်တွင် လူးဝစ်စ်ဗီလီ ဂျက်ဖာဆင်ဒေသမှ ဘဏ်အာဏာပိုင်များက ဗိသုကာ ပညာရှင် စကော့ ခရီမာကို တစ်ဒေါ်လာဖြင့် ရောင်းချခဲ့သည်။ ခရီမာသည် ထိုအိမ်ကြီးကို ပြုပြင်၍ လူမှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်ဟု သဘောတူညီခဲ့သည်။ သို့သော် လည်း ခရီမာ၏ စီမံချက်များမအောင် မြင်ခဲ့သဖြင့် မြို့တော်ကောင်စီသို့ အဆောက်အဦကို ပြန်လည် လွှဲပြောင်းပေးခဲ့သည်။၂၀၁၄ ခုနှစ်တွင် ဘဏ်က ယင်းအိမ်ကြီးကို တစ်ဒေါ်လာ ဖြင့် အော်ရေးဒီဇိုင်းသို့ ရောင်းချခဲ့ပြန်သည်။အော်ရေးဒီဇိုင်းက အဆောက် အအုံ ဟောင်းကြီးကိုပြုပြင်ထိန်းသိမ်းလျက် လူနေတိုက်ခန်း များအဖြစ်ပြောင်းလဲခဲ့သည်။
၇။ မူးယစ်ရာဇာအိမ်မှ ပန်းခြံ အဖြစ်သို့
ကိုလံဘီယာနိုင်ငံအတ်တီယို ကွီယာရှိ ဧက ၅၅၀၀ ကျယ်ဝန်းသည့် ခြံကျယ်ကြီးအတွင်းမှ အိမ်ကြီးသည် တစ်ချိန်က ကိုလံဘီယာနိုင်ငံ၏ မူးယစ်ရာဇာတစ်ဦးဖြစ်သော ပါဘလိုအက်စ်ကိုဘာ၏ အိမ်ဖြစ်ခဲ့သည်။အက်စ်ကိုဘာသည် စပိန်ကိုလိုနီ ပုံစံ ဆောက်လုပ်ထားသည့် ကြီးမားသောယင်းအိမ်ကြီးကို သူ၏ အမြဲ နေအိမ်အဖြစ် အသုံးပြုခဲ့သည်။ကျယ်ဝန်းသော သူ၏ ခြံကြီး အတွင်း တိရိစ္ဆာန်ရုံတစ်ခု၊ သက်ရှိ အရွယ်ဒိုင်နိုဆောရုပ်ထုကြီးတစ်ခု နှင့် လေယာဉ်ပြေးလမ်းတစ်ခုတို့ကို တည်ဆောက်ထားသည်။
ကိုလံဘီယာ အစိုးရသည် အက်စ်ကိုဘာ ကို ဖမ်းဆီးခဲ့ပြီးနောက် အက်စ်ကိုဘာ မိသားစု ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သည်။ သူ၏ အိမ်ကြီးကို ၂၀၀၆ ခုနှစ် အထိ ဒုက္ခသည် စခန်းတစ်ခုအဖြစ် ဖွင့်လှစ်ထားခဲ့သည်။သို့သော်လည်း အဆောက်အအုံ ထိန်းသိမ်း ရသည့် စရိတ်များမြင့်တက်လာသည့်အတွက် ကိုလံဘီယာ အစိုးရသည် အက်စ်ကိုဘာ၏ အိမ်ကြီးနေရာကို ပန်းခြံတစ်ခု အဖြစ် ပြောင်းလဲခဲ့သည်။ယခုအခါတွင် အက်စ်ကိုဘာ၏ စံအိမ်ကို လာရောက်သူများအား ခြံဝင်းအတွင်း လှည့် လည် လမ်းလျှောက် ကြည့်ရှု ခွင့်ပြုထားသည်။
၈။ ပန်းချီကားများနှင့် အိမ်ပျက်ကြီး
ဆန်ဖရန်စစ္စကို ရှိ လူမနေသည့် အိမ်ကြီးတစ်ခုအတွင်းမှ တန်ဖိုးကြီး ပန်းချီကား ၁၁ ကားကိုရောင်းချခဲ့သည့် အသက် ၃၉ နှစ်အရွယ် ဂျာရီမီယာ့ကေလာ ဆိုသူကို ရဲများက ဖမ်းဆီးခဲ့သည်။ ဂျာရီမီယာ့သည် ထိုအိမ်တွင် လ အတန်ကြာ တရား မဝင် ဝင်ရောက် နေထိုင်ခဲ့သည်။အိပ်ခန်းရှစ်ခန်းနှင့်ရေချိုးခန်း ခုနစ်ခန်းပါဝင်သည့် ယင်းအိမ်ကြီးသည် တစ်ချိန်က နည်းပညာ သတင်းဝက် ဆိုက် CNET ကို ထူထောင်ခဲ့သူ ဟယ်လ်စေးမိုင်နာဆိုသူက ပိုင်ဆိုင်ခဲ့သည့် အိမ်ကြီးဖြစ်သည်။ဟယ်လ်စေးမိုင်နာ သည် ၂၀၁၃ ခုနှစ် တွင် ဒေဝါလီခံခဲ့ပြီး နောက် ထိုအိမ်ကြီးကို ရောင်းချရန် ကြော်ငြာခဲ့ဖူးသည်။
ဂျာရီမီယာ့ သည် ယင်းအိမ်အတွင်းသို့ တရားမဝင်ဖောက်ထွင်းဝင်ရောက်နေထိုင်နေကြောင်း ထိုအိမ်အနီးတွင် နေထိုင် လျက်ရှိသည့် ဟယ်လ်စေးမိုင်နာ၏ အိမ်နီးချင်းတစ်ဦးက ရဲများထံ ဖုန်းဖြင့် သတင်းပေးခဲ့ရာမှ ဂျာရီမီယာ့ ကို ၂၀၁၅ ခုနှစ် ၊ အောက် တိုဘာလတွင်ဖမ်းဆီးခဲ့သည်။ရဲများရောက်လာချိန်တွင် ဂျာရီမီယာ့သည် အိမ်အတွင်း၌ ရှိနေခဲ့ကာ ရဲ များကို ထိုအိမ်ကိုသူပိုင်ဆိုင် ကြောင်းပြောခဲ့ပြီးအိမ်ဝယ်ယူထားသည့် စာရွက်စာတမ်းအတုများကို ထုတ်ပြခဲ့သည်။သို့သော်လည်း မကြာမီမှာပင် အိမ်ထဲမှ ပန်းချီ ကားအချို့ကို အပေါင်ဆိုင်များနှင့် အွန်လိုင်းတွင် ရောင်းချခဲ့ကြောင်းဝန်ခံခဲ့သည်။ယင်းပန်းချီကားအနက် ကိုးချပ်ကို ပြန်လည် သိမ်းယူ နိုင် ခဲ့သည်။
၉။ တစ်ချိန်က အချမ်းသာဆုံးသူဌေးကြီး၏ အိမ်
တစ်ချိန်က ကမ္ဘာပေါ်တွင် အချမ်းသာသော မိသားစု တစ်ခုပိုင်ဆိုင်ခဲ့သည့် အိမ်ကြီးတစ်လုံးသည် နော်ထရေးဒိမ်းမှ ငါးမိုင် အကွာတွင်တည်ရှိနေသည်။အက်ဒ်မွန်ဒီ ရော့စ်ချိုင်း ပန်းခြံ၏ စိမ်းလန်းစိုပြေသော မြင်ခင်းစိမ်းများ၏ နောက်ဘက်တွင် ထူထဲစွာ ပေါက် နေသည့်ချုံပင်များသည် တံတိုင်းတစ်ခုသဖွယ်ဖြစ်နေသည်။ယင်း ခြုံတံတိုင်း၏ အနောက်တွင် စွန့်ပစ်ခံထားရသည့် သူရဲအိမ်ကြီးရှိနေသည်။
ယင်းအိမ်ကြီးကို ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက စွန့်ပစ်ထားကြခြင်းဖြစ်သည်။ ခေတ်သစ်သမိုင်းတွင် ကံအလွန်ကောင်း ကြသူများ ယူဆခံရသည့် အက်ဒ်မွန်ဒီရော့စ်ချိုင်း မိသားစုသည် ပြင်သစ်နိုင်ငံသို့ ဂျာမာန်များရောက်ရှိမလာမီ အင်္ဂလန် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။စစ်အတွင်းဖြစ်သောကြောင့် ပါရီ မြို့ကို နာဇီများက လေးနှစ်ကြာသိမ်းပိုက်ထားစဉ် ထိုအိမ်ကြီးကို သိမ်းယူ ထား ခဲ့သည်။ ဂျာမန်များ ပြန်လည် ဆုတ်ခွာသွားချိန်တွင် အမေရိကန်တပ်မတော်က ထိုအိမ်ကြီးတွင်နေထိုင်ခဲ့သည်။အမေရိကန် ထိုအိမ်မှ ထွက်ခွာပြီးချိန်တွင် အိမ်ပိုင်ရှင်မိသားစုများ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ဆယ်စုနှစ်များစွာ စွန့်ပစ်ထားသဖြင့် အိမ်ကြီး က တစ်ဖြည်းဖြည်း ယိုယွင်းပျက်စီးလာခဲ့ကာ အိမ်ကြီးသည် လက်သရမ်းသူများ၊ပျံကျနေထိုင်သူများ၏ ကစားကွင်းတစ်ခု သဖွယ်ဖြစ်နေခဲ့သည်။ ယခုအခါတွင် အိမ်နံရံများတွင် ဂရစ်ဖစ်တီ ပုံများဖြင့် ပြည့်နေသည်။
၁၉၅၁ ခုနှစ်တွင် ထိုအိမ်အိုကြီးကိုသမိုင်းဝင် ရှေးဟောင်းအဆောက်အဦအဖြစ် ကြေညာခဲ့သည်။၁၉၇၉ ခုနှစ်တွင် အက်ဒ် မွန်ဒီ ရော့စ်ချိုင်း ၏ သားဖြစ်သူဘာရွန် အက်ဒ်မွန်သည် မိသားစုပိုင် အိမ်ကြီးကို အထိမ်းအမှတ် ပြတိုက်တစ်ခု အဖြစ် မြို့တော် ကောင်စီသို့ တစ်ဖရန့်ဖြင့် ရောင်းချခဲ့သည်။မြို့တော်ကောင်စီက ဆော်ဒီ သူဌေးတစ်ဦးအား ဖရန့် သန်း၅၀ ဖြင့် ထပ်မံ ရောင်းချခဲ့ပြီး နောက် ဆော်ဒီ သူဌေးက အိမ်ကြီးကို မူလပိုင်ရှင်များကဲ့သို့ပင် စွန့်ပစ်ထားသဖြင့်အိမ်ကြီးက ပျက်စီးနေခဲ့သည်။အိမ်ကြီးကိုပြန်လည် ပြင်ဆင်မွမ်းမံရန် ပေါင် သန်း ၃၀ ကုန်ကျမည်ဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ထားကြသည့် အိမ်အိုကြီးများကို ကမ္ဘာအရပ်ရပ်တွင် တွေ့မြင်နိုင်ကြသည်။ ကွဲပြားသော သမိုင်းနောက်ခံ အမျိုးမျိုးရှိကြသည့် ယင်းအိမ်အို အိမ်ဟောင်းများသည် ဆွဲဆောင်မှုများစွာဖြင့် လူအများ စိတ်ဝင်စားဖွယ် တည်ရှိ နေကြ ပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၆ ခုနှစ် မေလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post