ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
မော်တော်ဆိုင်ကယ်၊ မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် သယ်ယူပို့ဆောင်ရေး ယာဉ်များကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် နှစ်ကာလရှည်ကြာကတည်းက အသုံးပြုခဲ့ကြပြီးနောက် ဟောင်းနွမ်းပျက်စီးလာသောယာဉ်အိုယာဉ်ဟောင်းများအား သံရည်ကြိုပစ်လေ့ရှိကြသည်။ယင်းတို့ကို မဖျက်ဆီးမီ တစ်နေရာရာတွင် စုပုံထားကြရာမှ သံချေးများ တက်ကာ တစ်စတစ်စ ပျက်စီး သွားကြသည်လည်းရှိသည်။ ထိုသို့ ပျက်စီးနေသည့် ယာဉ်များသည် တစ်ခါတစ်ရံတွင် ထူးခြားသော မြင်ကွင်းများဖြစ်လာကြသည့် အပြင် အကြီးစားယာဉ်များအား စုပုံထားသည့် အချို့သောယာဉ်သင်္ချိုင်းများသည် ဆန်းပြားသော ဖြစ်ရပ်များကြောင့် လူသိများ ထင်ရှားခဲ့ရပေသည်။
၁၀။ ဘိုလီဗီးယား မီးရထား သင်္ချိုင်း (Bolivia’s Train Graveyard)
ဘိုလီဗီးယားနိုင်ငံ အနောက်မြောက်ပိုင်း အင်ဒီးစ် တောင်တန်းအမြင့်ပိုင်းတွင် ကမ္ဘာ့အကြီးဆုံး ဆားကျင်း စလာဒီအူယူနီ ရှိသည်။ ၁၈၈၈ ခုနှစ်က ထိုဒေသတွင် သတ္ထုတွင်းလုပ်ငန်းများ တဟုန်ထိုးဖွံ့ဖြိုးလာခဲ့သဖြင့် ပစိဖိတ်သမုဒ္ဒရာ အောက်ပိုင်းဒေသများ အထိ ရောက်ရှိမည့် ရထားလမ်းများ ဖောက်လုပ်ရန် ဗြိတိသျှ အင်ဂျင်နီယာများအား ဖိတ်ခေါ်ခဲ့သည်။ မီးရထားလမ်းများသည် ယင်းတို့၏ လူမှုဘဝများအား ခြိမ်းခြောက်မှုတစ်ရပ်ဟု ထင်မြင်ခဲ့ကြသည့် ဒေသခံ အမ်ရာမာ တိုင်းရင်းသားများသည် ရထားလမ်း ဖောက် လုပ်ရေးလုပ်ငန်းကို အမျိုးမျိုး အနှောက်အယှက်ပြုခဲ့သဖြင့် ရထားလမ်းများသည် ၁၈၉၂ ခုနှစ်မှ ပြီးစီးခဲ့သည်။
သို့သော်လည်း ၁၉၄၀ ပြည့်နှစ်တွင် ဒေသ သတ္ထုထူးဖော်ရေးစီးပွားလုပ်ငန်း ပြိုလဲခဲ့ရာ ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော ရထားလမ်းများသည် အသုံးမဝင်ဘဲ ဖြစ်ခဲ့ရသည်။ထို့ကြောင့် ရေနွေးငွေသုံးရထားစက်ခေါင်းများသည် ဆားကွင်းများပေါ် တွင်စွန့် ပစ်ထားခြင်းခံကြရသည်။ ယခုအခါတွင် အဆိုပါ စွန့်ပစ်ထားသော သံချေးများတက်နေသည့်ရထားခေါင်းများသည် ထူးခြားသော မြင်ကွင်းတစ်ရပ်ဖြစ်လာခဲ့သည်။
ဗြိတိန်နိုင်ငံတွင် ထုတ်လုပ်ခဲ့သည့် ရထားခေါင်းအများစုသည် ကန္တာရ နေအပူအောက်တွင် မီးမြှိုက် သည် ခိုးယူခြင်းခံခဲ့ကြရသည်။ထို့ကြောင့်အခွံသာကျန်တော့သည့် ရထားခေါင်း အစိတ်အပိုင်းများသည် နေရာအနှံ့ပြန့်ကြဲလျက်ရှိ နေသဖြင့် ထိုမြင်ကွင်းကိုပင် ရထားသင်္ချိုင်းတစ်ခုမှ ပြတိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲရန်စီစဉ်လျက်ရှိသည်။ ဤသို့ဖြင့်တချိန်က အသုံး ပြုခဲ့သည့် မီးရထားများသည် ဒေသခံလူသားများ နှင့် အနီးပတ်ဝန်းကျင်တွင် သနားစဖွယ်ဖြစ်နေကြရပေသည်။
၉။ တောတွင်းကားသင်္ချိုင်း (Chatillon Forest Car Graveyard)
မကြာမီက ဘယ်လ်ဂျီယံနိုင်ငံ၊ ချက်တီလံမြို့လေးအနီးရှိ တောနက်တွင်းမှ ကားစီးရေ ငါးရာကျော်ရှိသည့် ကားသင်္ချိုင်း ၄ ခုကို တွေ့ရှိခဲ့ရသည်။ကားများသည် မှော်ပင်များရစ်ပတ်လျက် သံချေးများတက်နေကြသည်။ ထိုတောနက်အတွင်း သို့ကားများ ရောက်ရှိနေခြင်းကို အမျိုးမျိုးပြောဆိုကြသည်။ အများစုက ယင်းကားသင်္ချိုင်းများသည် ဒုတိယ ကမ္ဘာစစ်အပြီးတွင် ရောက်ရှိလာခဲ့ သည်ဟုယူဆထား ကြသည်။
စစ်ပြီးချိန်တွင် အမေရိကန်စစ်သားများသည် ယင်းတို့၏ မော်တော်ယာဉ်များကို အမေရိကန်နိုင်ငံသို့ သင်္ဘောများဖြင့် ပြန်လည် တင်ပို့ရန် မလုပ်နိုင်ကြတော့သဖြင့် မော်တော်ယာဉ်များကို တောအတွင်းစွန့်ပစ်ခဲ့ကြသည်။ နှစ်အတန် ကြာလာချိန်တွင် မော်တော် ယာဉ်များက တစ်စတစ်စ များပြား လာခဲ့သည်။ အချို့ကလည်း စွန့်ပစ်ခဲ့သည့် မော်တော်ယာဉ်များသည် တိုလီမုတ်စအကြွင်းအကျန် များသာဖြစ်သည်ဟု ထင်မှတ်ထားကြသည်။
မော်တော်ကား အများစုသည် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်ထုတ်ကားများဖြစ်ကြသည်။ ထိုမော်တော်ကားများကို အလွယ် တကူစွန့်ပစ်ထားသဖြင့် ကားပစ္စည်း စုဆောင်းသူများ၊ အမှတ်တရပစ္စည်း တိုလီမိုလီ ရှာဖွေကြသူများ၏ လက်ချက်ကြောင့် အများ အားဖြင့် မော်တော်ကားများ၏ အစိတ်အပိုင်းများ မရှိတော့ချေ။ ၂၀၁၀ ပြည့်နှစ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ယင်းကားသင်္ချိုင်းအား ရှင်းလင်းခဲ့သည့်တိုင် ကားသင်္ချိုင်း၏ အံ့သြဖွယ် ဓာတ်ပုံများသည်များစွာ ကျန်ရှိနေခဲ့ပေသည်။
၈။ ကားပစ္စည်း သင်္ချိုင်း (Oranjemund Diamond Vehicle Scrapyard)
နမ်မီးဘီးယားနိုင်ငံ အိုရန်ဂျီမန် မြို့ငယ်လေးသည် နမ်မီးဘီးယားအစိုးရနှင့် အကျိုးတူ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နမ်ဒက်ကုမ္ပဏီပိုင်မြို့တစ်မြို့ဖြစ်သည်။ အိုရန်ဂျီမန် မြို့သည် လိမ်မ္မော်ရောင်မြစ်ဝအနီးတွင်တည်ရှိနေပြီး စိန်တွင်းများလည်း တည်ရှိသည်။ စိန်တူးဖော်ရေးလုပ်သားများနေထိုင်ရန် အိမ်များဆောက်လုပ်ထားသည့် နေရာအား လုံခြုံရေး တင်းကြပ်စွာချထားကာ လက်နက်ကိုင်များက အမြဲကင်းလှည့်နေသည်။
မည်သူမဆို စိန်တစ်ပွင့်ကို လက်ဝယ် တရားမဝင် တွေ့ရှိပါက ထောင်ဒဏ် ၁၅ နှစ် ကျခံရမည်ဟု ဥပဒေသတ်မှတ်ထားသော်လည်း စိန်တွင်းလုပ်သားများသည် စိန်ပွင့်များကို နည်းမျိုးစုံဖြင့် ခိုးထုတ်ကြသည်။ နှာခေါင်း ပေါက်များထဲသို့ ထည့်၍ ခိုးယူကြသကဲ့သို့ လက်လုပ် တုရွင်းပြားများဖြင့် ခြံအပြင်သို့ ကော်ထုတ်တတ်ကြသည်။ တစ်ခါက စိန်များ အပြည့်ထည့်ထားသည့် ဂျာကင်အင်္ကျီကို ဝတ်ထားပေးသော အိမ်မွေးခိုတစ်ကောင်ကိုပင် ဖမ်းဆီးရမိခဲ့ဖူးသည်။
အိုရန်ဂျီမန်မြို့သည် အမေရိကန်စစ်တပ်မှလွဲ၍ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်များရှိသည့် နိုင်ငံဖြစ်သည်။ တစ်ခါက သတ္ထု တွင်းနယ်မြေအတွင်းသို့ စိန်များမှောင်ခို ခိုးထုတ်ရန် ယာဉ်တစ်စီး ဝင်လာခဲ့ဖူးသဖြင့် ယင်းမော်တော်ယာဉ်အား ပြန်ထွက်ခွာခွင့် မပြု ဘဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။သတ္တုတွင်းဧရိယာအတွင်း သံချေးများတက်နေသည့် ယန္တရားယာဉ်များရှိနေသည်။ အချို့သည် ဒုတိယ ကမ္ဘာစစ် အတွင်းက အသုံးပြုခဲ့သော တင့်ကားများအပါအဝင် ၁၉၂၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့သော မော်တော်ယာဉ်များဖြစ် ကြသည်။ ထိုတင့်ကားများကို တစ်ခါက စိန်တွင်းတူးဖော်ရာ၌ မြေကြီးများတူးထုတ်ရန် သုံးခဲ့ကြသည်။ ယခုအခါတွင် နမ်ဒက်ကုမ္ပဏီ က ယင်းယာဉ်များ ကို ဝင့်ကြွားစွာ ပြသလျက် ဂုဏ်ယူလေ့ရှိကြသည်။သို့သော်လည်း ယာဉ်အိုယာဉ်ဟောင်းများအား ဓာတ်ပုံရိုက် ကူးခွင့် မပြုပါချေ။
၇။ သင်္ဘောသင်္ချိုင်း (Nouadhibou Ship Graveyard)
လူဦးရေ တစ်သိန်းနီးပါးနေထိုင်လျက်ရှိသည့် နိအာဒီဘောင်(Nouadhibou) မြို့သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သော မောရစ်သျှနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည်။ နိုအာဒီဘောင် ဆိပ်ကမ်းသည် ကြီးမားကျယ်ပြန့်သော ပင်လယ်အော်ဝတွင်ရှိနေပြီးအတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်သန်းလာသော သင်္ဘောများအတွက် အကာအကွယ် အကောင်းဆုံး နားခိုရာ နေရာတစ်ခုဖြစ်သည်။ ထို့အတူပင် ကမ္ဘာ့ အကောင်းဆုံး ငါးဖမ်းနယ်မြေအချို့၏ ဝင်ပေါက်လည်းဖြစ်သည်။
နိုအာဒီဘောင် အနီးတွင် သံထုတ်လုပ်မှု လုပ်ငန်းရှိပြီး ယင်းဆိပ်ကမ်းမှပင် သံများကို ပြည်ပသို့ပို့ဆောင်ပေးသည်။ ၁၉၈၀ ပြည့်နှစ်များတွင် ဒေသခံများသည် ယင်းတို့၏ ခေတ်မမီတော့သည့် ရေယာဉ်များကို ရေတိမ်ဒေသများတွင် စွန့်ပစ် ရန် အားထုတ်ခဲ့ကြသည်။ မကြာမီမှာပင် နိုအာဒီဘောင်တွင် သင်္ဘောဟောင်းများစုပုံလာခဲ့သည်။ ဒေသခံ အာဏာပိုင်များက နိုအာဒီ ဘောင်အပြင် အခြားနိုင်ငံများမှ သင်္ဘောဟောင်းများ လာရောက်စွန့်ပစ်ခြင်းကို ခွင့်ပြုခဲ့သည်။
စွန့်ပစ်ယာဉ်များတွင်ငါးဖမ်းလှေ မှ သည် ရေတပ်သုံး တိုက်ရေယာဉ်ဟောင်းများအထိ ပါဝင်လာခဲ့ရာ ယခုအခါတွင် နိုအာဒီဘောင်သည် သံချေးတက် သင်္ဘောများ အမြောက်အမြား စုဝေးနေသည့် နေရာဖြစ်လာခဲ့သည်။ ယင်းတို့ထဲတွင် ၂၀၀၃ ခုနှစ်က နစ်မြုပ်ခဲ့သော အကြီးဆုံးငါးဖမ်းယာဉ် United Malika လည်း ပါဝင်သည်။ ယခုအခါတွင်နစ်မြုပ်ရေယာဉ်စွန့်ပစ်မှုများ များပြားလာသဖြင့် အာဏာပိုင်များက တားဆီးမှုများပြုလုပ်နေသော်လည်း ရေယာဉ်များလာရောက်စွန့်ပစ်မှုက များပြားနေဆဲဖြစ်သည်။
၆။ ဆိုဗီယက် ရေငုပ်သင်္ဘောသင်္ချိုင်း(Soviet Submarines on the Kola Peninsula)
ရုရှနိုင်ငံ မြောက်ဖျား၊ အာတိတ်စက်ဝိုင်းအတွင်းရှိ နေဇာမီနာညာ ပင်လယ်ကွေ့တွင် ဆိုဗီယက်တို့၏ ရေငုပ်သင်္ဘောသင်္ချိုင်း တစ်ခုရှိသည်။ ၁၉၇၀ ပြည့်နှစ်များမှစ၍ နျူကလီးယားလောင်စာသုံး ရေငုပ်သင်္ဘောများအပါအဝင် စစ်သင်္ဘောများအား ရုရှားနိုင်ငံ၏ သီးခြားနယ်မြေတစ်ခုဖြစ်သည့် ကိုလာကျွန်းဆွယ်တွင် စွန့်ပစ်ခဲ့သည်။ ရုရှ သင်္ဘောကျင်းများသည် ရေငုပ်သင်္ဘောအသစ်များတည် ဆောက်နိုင်ရန်အတွက် မအားမလပ်ဖြစ်နေလေ့ရှိသည့်အတွက် ရေငုပ် အဟောင်းများအား ပြန်လည်မွမ်းမံပြင်ဆင်ရန် အလေးဂရု မမူခဲ့ကြပါချေ။
ရုရှားတို့၏ ရေငုပ်သင်္ဘော သင်္ချိုင်းနေရာသို့ ခွင့်ပြုချက်မရရှိဘဲ သွားရောက်ခွင့်ကို တားမြစ်ထားသည်။ ရုရှားအစိုးရက ယင်းနေရာနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်မှုကိုကန့်သတ်ထားသည်။ ၁၉၉၀ ပြည့်နှစ်များတွင် ရေထုညစ်ညမ်းမှု စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာစဉ် ရုရှားတို့က ရေငုပ်သင်္ဘောအချိ ု့အား ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။ ကောင်းကင်မှ ရိုက်ကူး ပြသထားသည့် အင်တာနက် Google Earth တွင် အနည်းဆုံး ရေငုပ်သင်္ဘော ခုနစ်စီးကိုမြင်နိုင်ကြပေသည်။
၅။ ဘာရီ ယာဉ်ဖျက်ကွင်း (Barry Scrapyard)
၁၉၅၅ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၏ အများပိုင် မီးရထားလုပ်ငန်းက သက်တမ်းလွန် ယာဉ်များအားတစ်စစီ ဖြုတ်သိမ်းရန် အစီ အစဉ် တစ်ရပ်ကိုကျယ်ပြန့်စွာဆောင်ရွက်ရန် ကြေညာခဲ့သည်။ ယင်းအစီအစဉ်တွင် ပိုလျှံနေသည့် ကုန်တွဲ ၆၅၀၀၀၀ နှင့် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်း ၁၆၀၀၀ ပါဝင်သည်။ ထိုယာဉ်များအား ဖျက်သိမ်းမည့် တာဝန်အား ဗြိတိသျှ မီးရထား လုပ်ငန်းတစ်ခုတည်းက ဆောင်ရွက်ရန် အရေအတွက်များလွန်းနေသဖြင့် ရထားတွဲအများအပြားအား ပုဂ္ဂလိက ဖျက်ကွင်းများသို့ရောင်းချခဲ့သည်။
ယင်းတို့ အနက် ဝေလနယ်တောင်ပိုင်း၊ ဘာရီ ဒေသရှိ ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်ကျင်းလည်း ပါဝင်ခဲ့သည်။ ဝုဒ်ဟမ်ဘရားသားစ် ယာဉ် ဖျက်လုပ်ငန်းသည် အစောပိုင်းကာလများတွင် ရေနွေးငွေ့ စွမ်းအင်သုံး မီးရထားခေါင်းများအား တစ်စစီ ဖြတ်တောက်ပြီး ဘာရီသို့ သယ်ယူခဲ့ သော် လည်း ၁၉၆၅ ခုနှစ် နွေဦးမှစ၍ ဖျက်သိမ်းမည့် ယာဉ်များအား ဒလိမ့် တုံးများတွင်တင်လျက် မဖြတ်မတောက်ဘဲ ယာဉ်ဖျက်ကွင်းသို့ အစင်းလိုက်သယ်ယူခဲ့သည်။
ထိုသို့သယ်ယူလာသော သံချေးများတက်နေသည့် မီးရထားစက်ခေါင်းများအား လေဟာပြင်ထဲတွင် ထားရှိရာမှ ဘာရီ ယာဉ်ဖျက်ကွင်းသည် ထင်ရှားသော ခရီးသွားနယ်မြေတစ်ခုဖြစ်လာခဲ့သည်။ ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်ကွင်းသည် ရှားပါးစက် ခေါင်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားသော ရထားလမ်းများပေါ်တွင် ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ၁၉၆၈ ခုနှစ် ၊ စက်တင်ဘာလတွင် ပြန်လည်ပြင်ဆင်ထားသည့် ပထမဦးဆုံးသောမီးရထားစက်ခေါင်းသည် ယာဉ်ဖျက်ကွင်းမှ ထွက်ခွါနိုင်ခဲ့ပြီး ၁၉၇၀ နှစ်များတွင် ရထားခေါင်းများစွာသည် ဖျက်သိမ်းမှုမှ လွတ်မြောက်ခဲ့ကြသည်။
ယာဉ်ဖျက်ကွင်းမှ ၂၁၃ စင်းမြောက် ထွက်ခွါ နိုင်ခဲ့သော ရထားသည် ၂၀၁၃ ခုနှစ် မတ်လတွင် ဖျက်ကွင်းပြင်ပသို့ ရောက်ရှိခဲ့သည်။ယခုအခါတွင်ဝုဒ်ဟမ်ဘရားသားစ် ယာဉ်ဖျက်ကွင်းမှ ပြုပြင်ထိန်းသိမ်းထားသည့် ရေနွေးငွေ့စွမ်းအားသုံး မီးရထားစက်ခေါင်းများအား ဗြိတိန်နိုင်ငံရထားလမ်းများ ပေါ်တွင် မောင်းနှင်ခုတ်မောင်းနေသည်ကို မြင်နိုင်ကြပေသည်။
၄။ နယူးယောက် မော်တော်ဆိုင်ကယ် သင်္ချိုင်း (Motorcycle Graveyard in Upstate New York)
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ အာရီ တူးမြောင်းဘေးတွင် အိုမင်းနေသည့် မော်တော်ဆိုင်ကယ်သိုလှောင်ရုံ တစ်ခုရှိ သည်။ ယင်းသိုလှောင်ရုံကို တစ်ချိန်က ခိုးလ် ဟု အမည်ရှိသည့် မော်တော်ဆိုင်ကယ် ရောင်းသမားတစ်ဦး ပိုင်ဆိုင်ခဲ့သည်။ ခိုးလ် သည် သူ့ဘဝတစ်လျောက်လုံး မော်တော်ဆိုင်ကယ် အရောင်းအဝယ်လုပ်ငန်းကိုသာ လုပ်ကိုင်ခဲ့ပြီး ဈေးသက်သာသော ဂျပန်ဆိုင် ကယ်များနှင့် ခေတ်ကုန်သွားပြီဖြစ်သော ဆိုင်ကယ်များကိုဝယ်ယူကာ အံ့ဖွယ်ကောင်းအောင် အရေအတွက်အမြောက်အများ စုဆောင်းခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ခိုးလ်သည်သူဝယ်ယူထားသော ဆိုင်ကယ်များကို သိမ်းဆည်းရန် ယင်း မော်တော်ဆိုင်ကယ် သိုလှောင်ရုံကို ဝယ်ယူခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဖရန့်ခ် ဆိုသူအားပြန်လည်ရောင်းချခဲ့သည်။
ခိုးလ်သည် အသက် (၈၀) အရွယ် ၂၀၀၂ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။ ဖရန့်ခ်သည် ဝယ်ယူထားသော ကုန်လှောင်ရုံအား မော်တော်ဆိုင်ကယ် အပိုပစ္စည်းရောင်းချသည့် ကုမ္ပဏီတစ်ခု စတင် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သည်။သို့သော်လည်း ကုန်လှောင်ရုံသည် များစွာပျက်စီးနေပြီး ပြင်ဆင်မှုများ မပြုလုပ်ခဲ့ သဖြင့် ဒေသ အာဏာပိုင်များက သိုလှောင်ရုံအတွင်းရှိ ဆိုင်ကယ်များအား အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်ခဲ့ ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဆိုင်ကယ်များအားလုံးကို သိုလှောင်ရုံမှ ရှင်းလင်းဖယ်ရှားခဲ့သည်။ ဆိုင်ကယ်ပိုးများက ရှားပါး ဆိုင်ကယ်များနှင့် အပို ပစ္စည်းများကို ဝယ်ယူခဲ့ကြသည်။
၃။ ဘုရင့်လေတပ် ယာဉ်သင်္ချိုင်း(RAF Folkingham)
ဗြိတိန်နိုင်ငံ လင်ကွန်းရှိုင်းယားရှိ ဖော့ကင်ဟမ်အား ရန်သူများ အထင်မှားစေရန် လေယာဉ်အတုများချထားသည့် လေယာဉ် ကွင်း အတုတစ်ခုအဖြစ် ၁၉၄၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၄၄ ခုနှစ်တွင်အမေရိကန်သို့လွှဲပြောင်းပေးခဲ့သည်။ ဖော့ကင်ဟမ်တွင် တပ်စွဲထားသော ဒေါက်ဂလတ်စ် C 47 ဒါကိုတာ လေယာဉ်ကြီးများကို ဒီဒေး တိုက်ပွဲ အတွင်းအသုံးပြုခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန်တို့က ဖော့ကင်ဟမ်အား ဗြိတိန်ဘုရင့် လေတပ်မတော်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်တွင် လေယာဉ် ကွင်းအား ပိတ်သိမ်းခဲ့သည်။
နောက်ပိုင်းတွင် ဖော်မြူလာဝမ်း ပြိုင်ကားအသင်းက ဖော့ကင်ဟမ်ရှိ လေယာဉ်ပြေးလမ်းများကို ယာဉ်စမ်းသပ်ကွင်းအဖြစ် အသုံးပြုခဲ့သည်။၁၉၅၉ ခုနှစ်တွင် ဘုရင့်လေတပ်မတော်က သာမိုနျူကလီးယားဒုံးကျည်စခန်းတစ်ခုအဖြစ်သုံးခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် အပြီး ပိတ်သိမ်းကာ စိုက်ပျိုးမြေ တစ်ခုအဖြစ် ရောင်းချခဲ့သည်။ ယခုအခါတွင် ဖော့ကင်ဟမ်သည် နယ်လ်စင်အမ်ဂရင်းနှင့် သားများ ပိုင်ဆိုင်သော လေယာဉ်ကွင်းဟောင်းတစ်ခုအဖြစ်တည်ရှိနေပြီး ရာပေါင်းများစွာသော ယာဉ်များနှင့် အစိတ်အပိုင်းများကို သိုလှောင် ထားသည့်နေရာတစ်ခုဖြစ်သည်။
စုပုံသိုလှောင်ထားသောယာဉ်များတွင် ဘူဒိုဇာ အဟောင်းများ၊ လောင်စာဆီတင်ယာဉ်များ၊ ထွန်စက် များ၊ ကရိန်း များအပြင် ဒုတိယ ကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော စစ်သုံးလော်ရီများ၊ သံချပ်ကာယာဉ်များပါဝင်သည်။ ဒီဒေးနေ့တွင် ကမ်းတက် ခဲ့သည့် စစ်သုံး DUKW ကုန်းသွားရေသွားယာဉ်တစ်စီးကိုပင် မြင်တွေ့နိုင်ကြသည်။
၂။ ချာနိုဘိုင် ဘေးဒုက္ခ ယာဉ်များ(Chernobyl Disaster Vehicles)
ချာနိုဘိုင် နျူကလီးယားမတော်တဆဖြစ်မှုသည် လူများနှင့် အဆောက်အအုံများကိုသာ ဓာတ်ရောင်ခြည်ဘေးဒဏ်သင့် စေခဲ့သည် မဟုတ်ဘဲမီးငြိမ်းသတ်မှုနှင့်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် မော်တော်ယာဉ်များသည်လည်း ရောင်ခြည် သင့် စေခဲ့သည်။ချာနိုဘိုင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မော်တော်ယာဉ် အများအပြားကို ကားသင်္ချိုင်းများတွင် စုပုံထားခဲ့ရာ ရက်စ်စိုခါ (Rassokha) ကားသင်္ချိုင်းတွင် အများဆုံးဖြစ်သည်။
ချာနိုဘိုင်ပေါက်ကွဲမှုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာသို့ ဦးစွာရောက်ရှိခဲ့သည့် မီးသတ်ယာဉ် များအား နက်ရှိုင်းစွာ တူးထားသည့် မြေကျင်းများတွင်မြှုပ်နှံခဲ့သည်။ ကားသင်္ချ ိုင်းအများစု၏ အလယ်တွင် မီးသတ်ရဟတ်ယာဉ်များကို အများဆုံးစုပုံထားသည်။ဓာတ်ရောင်ခြည်သင့်နိုင်သည့် အန္တရာယ်များရှိသောကြောင့် ယူကရိန်းအစိုးရက ကားသင်္ချိုင်းများအတွင်းသို့ ဝင်ရောက်ကာ ယာဉ်များမှ သတ္ထု အပိုင်းအစများကို ယူဆောင်ရန် ကြိုးပမ်းသူ များကို ဖမ်းဆီးလေ့ရှိသည်။ တစ်ခါက ယူကရိန်း ရဲများသည် ကားသင်္ချိုင်းအတွင်းဝင်ရောက်ကာ Mi 8 ရဟတ် ယာဉ်တစ်စီးအား ကဖေးဆိုင်ရန် ဖွင့်ရန် ရည်ရွယ်ချက်ဖြင့် ခိုးယူရန် ကြိုးပမ်းခဲ့သူများကို ဖမ်းဆီးခဲ့ပေသည်။
၁။ အရီဇိုနား စစ်လေယာဉ်သင်္ချိုင်း (Arizona Boneyard Military Aircraft Cemetery)
ဘွန်းယာ့ဒ်သည် ဒါဗီးစ်မွန်သန် လေတပ်စခန်းဖြစ်ပြီး အမှတ်(၃၀၉) ယေလာဉ် ထိန်းသိမ်းပြင်ဆင်ရေး အုပ်စု၏ အခြေစိုက် နေရာဖြစ်သည်။ အရီဇိုနား သံကန္တာရ အလယ်တွင်တည်ရှိနေသော ဘွန်းယာ့ဒ်သည်လေယာဉ်များအား အကြီးမားဆုံးသိုလှောင်ထားသည့် မြေပြင်အခြေစိုက်စခန်းလည်းဖြစ်ပြီး ဘောလုံးကွင်းပေါင်း ၁၄၃၀ ကွင်းခန့်ကျယ်ဝန်းလျက် လေယာဉ် ပေါင်း ၄၂၀၀ ကျော် ရှိနေသည်။ လေယာဉ်များ၏ စုစုပေါင်းတန်ဘိုးသည် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်ရှိကာ ကမ္ဘာ့ အကြီးဆုံး စစ်လေယာဉ် သုဿန်ကုန်းလည်း ဖြစ်ပေသည်။
ဘွန်းယာ့ဒ်တွင် လေယာဉ်များအား အုပ်စု လေးစု ခွဲခြား ထားသည်။ ထိန်းသိမ်းပြုပြင်ထားပြီး လိုအပ်ပါကပျံသန်းနိုင်သည့် လေယာဉ်များကအုပ်စုအမှတ်(၁၀၀၀)၊ယာဉ်အစိတ်အပိုင်းများအား အခြားလေယာဉ်များတွင် အသုံးပြုနိုင်သည့် လေယာဉ်များက အုပ်စု အမှတ်(၂၀၀၀) ဖြစ်ပြီး အုပ်စု အမှတ်(၃၀၀၀)တွင် ကောင်းမွန်သည့် အခြေအနေရှိသေးသော လေယာဉ်များကိုစုစည်းထားကာ အုပ်စု (၄၀၀၀) မှ လေယာဉ်များသည် ပြတိုက်များတွင်ပြသရန် သို့မဟုတ် ဖျက်ဆီးရမည့် လေယာဉ်များဖြစ်ကြသည်။
ယင်း အမှတ်(၄၀၀၀) အုပ်စုတွင် ဘီ ၅၂ တိုက်လေယာဉ်များနှင့် ၁၉၉၁ ခုနှစ်တွင် ရုရှားနှင့် အမေရိကန် ချုပ်ဆိုခဲ့သည့် လက်နက်ဖျက်သိမ်း ရေးစာချုပ်အရ တစ်စစီ ဖြုတ်ခဲ့သောလေယာဉ်များပါဝင်သည်။ အရီဇိုနားပြည်နယ်၏ ပူပြင်းသောရာသီဥတုက လေယာဉ်များကို ပျက်စီးမှုမှ အကာအကွယ်ပေးထားသည်။ ဘွန်းယာ့ဒ် စစ် လေယာဉ် သုဿန်ကုန်းသည် လေယာဉ် အစိတ်အပိုင်းပစ္စည်းများ ရောင်းချခြင်းဖြင့် ဝင်ငွေရရှိနေသည့်အပြင် လာရောက် လည်ပတ် ကြည့်ရှုနိုင်သည့် ခရီးသွားလုပ်ငန်းကြောင့်လည်း ထင်ရှားကျော်ကြားလာခဲ့ပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post