သက်ရှိအားလုံးနီးပါးဟာ အများအားဖြင့် အရောင်တစ်ရောင်ရောင်တော့ ရှိတတ်ပါတယ်။ ဒါပေမယ့် အနည်းငယ်သော သက်ရှိမျိုးစိတ်လေးတချို့ကတော့ ထူးထူးခြားခြားပဲ အကြည်ရောင် ရှိနေတတ်ပါတယ်။ ဒီတစ်ခါ မိတ်ဆွေတို့ကို မျှဝေပေးချင်တာကတော့ ဒီအကြည်ရောင် မျိုးစိတ် သက်ရှိလေးတွေအကြောင်းပါ။
၉။ The Glasswinged Butterfly
ဒီလိပ်ပြာလေးတွေရဲ့နာမည်က Greta oto ဖြစ်ပေမယ့် သူ့ရဲ့အကြည်ရောင်တောင်ပံလေးတွေကြောင့် ဖန်လိပ်ပြာလို့ပဲ အများက ခေါ်ကြပါတယ်။ စပိန်လိုဆိုရင်တော့ Espejitos လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ မှန်အသေးစားလေးတွေ ဖြစ်ပါတယ်။
အမေရိကအလယ်ပိုင်း တက်ဆက်စ် ၊ ဖလော်ရီဒါပြည်နယ် နဲ့ တောင်အမေရိက က မက္ကဆီကို ၊ ပနားမား ဒေသတွေက မိုးသစ်တောတွေ နဲ့ ဗင်နီဇွဲလား Caracasမြို့အနီးက တောင်တန်းတွေပေါ်မှာ အများဆုံးတွေ့ရတတ်ပါတယ်။ တောင်ပံအကျယ်အရွယ်အစားကတော့ ၂လက်မဝန်းကျင်သာ ရှိပါတယ်။
သူတို့ရဲ့တောင်ပံတွေဟာ အကြည်ရောင်ဖြစ်နေပြီး အနားသတ်မှာတော့ အညိုရောင်ရစ်ထားပါတယ်။ သူတို့ရဲ့ထူးခြားချက်နောက်တစ်ခုကတော့ ဒီလိပ်ပြာလေးတွေဟာ သူတို့ခန္ဓာကိုယ်အလေးချိန်ထက် အဆ ၄၀ အလေးချိန်ရှိတဲ့အရာတွေကို သယ်ယူနိုင်တယ် ဆိုတာပါ။
၈။ Juvenile Sharpear Enope Squid
အလွန်လှပတဲ့ ဒီကင်းမွန်ငယ်လေးတွေရဲ့ အရောင်ကလည်း အကြည်ရောင်ဖြစ်ပါတယ်။ သူတို့ကိုတော့ အပူပိုင်း နဲ့ အပူလျော့ပိုင်း သမုဒ္ဒရာတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ရေပေါ်မှာနေလေ့မရှိပဲ သမုဒ္ဒရာရဲ့ရေအနက်ပေ ၂၀၀မီတာ နဲ့ ၁၀၀၀မီတာကြားမှာ နေထိုင်လေ့ရှိပါတယ်။
အရွယ်အစားအားဖြင့် ၂လက်မဝန်းကျင်သာ ရှိတတ်တဲ့ ဒီကင်းမွန်ငယ်လေးတွေရဲ့ အကြည်ရောင် ခန္ဓာကိုယ်မှာ ထင်ထင်ရှားရှားအစက်ကလေးတွေ ပါရှိပါတယ်။
၇။ Transparent Juvenile Surgeonfish
ဒီအကြည်ရောင်ငါးကလေးကတော့ Surgeonfish အမျိုးအစားငါးပေါက်လေးပါ။ Surgeonfish မှာကိုပဲ မျိုးစိတ်ပေါင်း ၈၆မျိုးခန့် ထပ်ရှိပြန်ပါတယ်။ ဒီအကြည်ရောင်ငါးလေးတွေဟာ အဲဒီထဲက တစ်မျိုးဖြစ်ပါတယ်။
နယူးဇီလန်တဝိုက်မှာ အများဆုံးတွေ့ရတတ်ပါတယ်။ Surgeonfish ငါးတွေဟာ ခန္ဓာကိုယ်အရှည်အားဖြင့် ၁ပေ ဝန်းကျင်ခန့်အထိ ရှိတတ်ပါတယ်။
၆။ Pharaoh ant
ဒီပုရွက်ဆိတ်ကလေးတွေကတော့ Pharaoh အမျိုးအစားပုရွက်ဆိတ်လေးတွေဖြစ်ပြီး ဥရောပ ၊ အမေရိက ၊ သြစတြေးလျ ၊ အရှေ့တောင်အာရှ စသည်ဖြင့် ကမ္ဘာ့နေရာအများစုမှာတွေ့ရလေ့ရှိပါတယ်။ သူတို့ကတော့ အရွယ်အစားအားဖြင့် အလွန်သေးငယ်ကြပြီး ၂မီလီမီတာ(၁လကမရဲ့ ၁၅ပုံ ၁ပုံခန့်) ခန့်ပဲရှိပါတယ်။
ကျွန်တော်တို့အနီးအနားဝန်းကျင်မှာလည်း တွေ့နိုင်ပြီး သူတို့ဟာလည်း အကြည်ရောင်သက်ရှိတွေထဲမှာပါဝင်ပါတယ်။ တခြားမျိုးစိတ်တွေလို တစ်ကိုယ်လုံး အကြည်ရောင်ဖြစ်မနေပဲ ခန္ဓာကိုယ်အောက်ပိုင်းရဲ့ တစိတ်တဒေသသာ အကြည်ရောင်ဖြစ်နေတာပါ။
အရှင်းလင်းဆုံးမြင်နိုင်တာကတော့ သူတို့အရောင်ပါတဲ့ အစားအစာကိုစားတဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းဟာ အစားအစာရဲ့အရောင်ဖြစ်သွားလေ့ရှိပါတယ်။
၅။ Tortoise Shell Beetle
နာမည်ကိုကတည်းက လိပ်ခွံနဲ့ပိုးတောင်မာပါတဲ့။ ဒီပိုးတောင်မာလေးတွေမှာပါရှိတဲ့ အဲဒီလိပ်ခွံပုံသဏ္ဍာန်အကာလေးဟာ အကြည်ရောင်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကလည်း အစိမ်းရောင်ဖြစ်တာကြောင့် တကယ်လို့များ ပိုးတောင်မာလေးတွေဟာ သစ်ရွက်တွေမှာကပ်နေမယ်ဆိုရင် မြင်တွေ့နိုင်ရဖို့ခက်ပါတယ်။
အများအားဖြင့် အစိမ်းရောင်ဆိုပေမယ့် ငွေရောင် ၊ အနီရောင် ၊ အညိုရောင်စတဲ့အရောင်တွေလည်းရှိတတ်ပြီး အခွံကတော့ အကြည်ရောင်တွေသာဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၇မီလီမီတာသာရှိတတ်တဲ့ ဒီပိုးတောင်မာလေးတွေကို အမေရိကမှာ အများဆုံးတွေ့ရတတ်ပါတယ်။
၄။ Macropinna Microstoma
ဒီငါးကတော့ အလွန်တွေ့ရခဲတဲ့ငါးမျိုးဖြစ်ပြီး ဒီငါးရဲ့ဦးခေါင်းတစိတ်တပိုင်းဟာ အကြည်ရောင်ဖြစ်နေတာကြောင့် သူ့ရဲ့မျက်လုံးအပေါ်ပိုင်းကိုတောင် ထွင်းဖောက်မြင်နိုင်ပါတယ်။
ပါးစပ်ပေါက်က ခန္ဓာကိုယ်နဲ့ မလိုက်အောင် အလွန်သေးငယ်ပြီး တစ်ကိုယ်လုံးကိုတော့ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ဒီငါးတွေကို တွေ့ဖို့အလွန်ခက်တဲ့အကြောင်းကတော့ သူတို့တွေဟာ သမုဒ္ဒရာတွေရဲ့အောက် အနက်မီတာ ၆၀၀ ကနေ ၈၀၀ ကြားမှာသာ နေထိုင်ကျက်စားကြလို့ ဖြစ်ပါတယ်။
ဒီငါးတွေရဲ့မျက်လုံးဟာ အရှေ့ကိုသာမက အထက်နဲ့ အောက်ဘက်တွေကိုပါ လှည့်လည်ကြည့်နိုင်ပါတယ်။ ဒီငါးတွေရှိနေကြောင်းကို ရေအောက်သုတေသနပညာရှင်တွေဟာ ၁၉၃၉ခုနှစ်တည်းက မှတ်တမ်းတင်ဓာတ်ပုံ ရိုက်နိုင်ခဲ့ပါတယ်။
၃။ Juvenile Octopus
ဒီအကြည်ရောင် ရေဘဝဲငယ်လေးကိုတော့ ပြင်သစ်ပေါ်လီနေရှားကျွန်းစုက အကြီးဆုံးကျွန်းဖြစ်တဲ့ တဟီတီကျွန်းအနီးက ရေအနက်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် ၂စင်တီမီတာခန့်သာရှိတဲ့ ဒီရေဘဝဲငယ်လေးရဲ့ ခန္ဓာကိုယ်ဟာ အတွင်းဘက်ကိုတောင် ထိုးဖောက်မြင်နိုင်တဲ့အထိ ကြည်လွန်းပါတယ်။ သူတို့ရဲ့ ခြေတံလက်တံတွေမှာတော့ လိမ္မော်ရောင် အစက်ငယ်လေးတွေပါရှိပါတယ်။
၂။ Glass Frog
ဖန်ဖားဆိုတဲ့ အတိုင်း အမှတ်တမဲ့ကြည့်လိုက်ရင် ဖန်အရုပ်လို့ထင်ရလောက်တဲ့ဖားတွေဖြစ်ပါတယ်။ ဒီဖန်ဖားတွေဟာ Centrolenidae မျိုးနွယ်ဝင် ဖားအမျိုးအစားဖြစ်ပါတယ်။ ဒီမျိုးနွယ်ဝင် တချို့အုပ်စုရဲ့ ဝမ်းဗိုက်အရေပြားက ဖောက်ထွင်းမြင်နေရပါတယ်။
နှလုံး၊အသည်း အစာအိမ်၊အူလမ်းကြောင်းအပါအဝင် အတွင်းကလီစာများကို အရေပြားမှတဆင့် မြင်နိုင်ပါတယ်။ အရွယ်အစားအားဖြင့် ၁လက်မကနေ ၃လက်မဝန်းကျင်ထိသာ ရှိတတ်တဲ့ ဒီဖန်ဖားတွေကို တောင်အမေရိကတိုက်ရဲ့ မက္ကဆီကို ၊ ပနားမား ၊ ဗင်နီဇွဲလားနဲ့ အခြားဒေသတော်တော်များများမှာ တွေ့ရတတ်ပါတယ်။
၁။ Transparent shrimp
ဒီအကြည်ရောင် ပုဇွန်ဆိတ်တွေကတော့ Ghost Shrimp မျိုးစိတ်သုံးခုဖြစ်တဲ့ Thalassinidea,Palaemonetes,Caprellidae ထဲက Palaemonetes မျိုးစိတ်ဖြစ်ပါတယ်။ အမေရိကန် အရှေ့တောင်ပိုင်းက ရေချိုဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။
Appalachian တောင်တန်းဒေသ ၊ လူးဝစ္စနီးယား ၊ တက်စ်ဆက် နဲ့ ကယ်လီဖိုးနီးယားက ရေကန်တွေထဲမှာလည်း တွေ့ရတတ်ပါတယ်။ အရွယ်အစားအားဖြင့် ၁လက်မဝန်းကျင်သာရှိတတ်တဲ့ ဒီပုဇွန်ဆိတ်လေးတွေဟာ အခြားငါးတွေ ငှက်တွေရဲ့ စားသောက်ခြင်းကိုခံရပါတယ်။
Discussion about this post