ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
ဗိသုကာ ပညာရပ်များ၏ တိုးတက်လာမှုများကြောင့် ထူးခြားအံ့သြဖွယ်ကောင်းလှသည့် ဗိသုကာ လက်ရာ အဆောက် အအုံများအား ယနေ့ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် မြင်တွေ့နိုင်ကြပေသည်။ ယေဘုယျ အားဖြင့် ဖြစ်နိုင်ဖွယ်မရှိသော အဆောက်အဦပုံစံ များသည် မြင်ရသူအပေါင်းအား များစွာ စိတ်လှုပ်ရှားမှုဖြစ်စေသည်။
၉။ Capital Gate, Abu Dhabi,UAE
အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(UAE) မြို့တော် အဘူဒါဘီတွင်တည်ရှိသည့် မြို့ဝင်ပေါက်ဟု အမည် ပေး ထားသည့် အဆောက်အဦးသည် အီတလီ နိုင်ငံရှိ ပီစာ မျှော်စင်ထက်ပို၍ တိမ်းစောင်းလျက်ရှိသည်။ အဘူဒါဘီ အမျိုးသား ပြတိုက်ဗဟိုဌာနနှင့် ဘေးချင်းကပ် တည်ရှိနေသော ယင်းအဆောက်အအုံသည် အထပ် ၃၅ ထပ်ရှိကာ ပေ ၅၂၀ မြင့်မား သော မိုးမျှော်အဆောက်အဦတစ်ခုဖြစ်ကာ တိမ်းစောင်းနေသည့် ပုံစံ ဆောက်လုပ်ထားသည်။ ယင်းအဆောက်အဦးသည် ၁၈ ဒီဂရီ တိမ်းစောင်းနေပြီး အဘူဒါဘီမြို့၏ အမြင့်ဆုံး အဆောက်အဦလည်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ကမ္ဘာ့ဂရင်းနစ်မှတ်တမ်းတင်အဖွဲ့က ယင်းအဆောက်အအုံအား လူများဆောက် လုပ် သော တိမ်းစောင်းနေသည့် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ အဖြစ် မှတ်တမ်းတင်ခဲ့သည်။ ဂရင်းနစ် မှတ်တမ်းအရ ယင်း အဆောက် အအုံသည် ဆာဟုစင် မျှော်စင်(Suurhusen Tower) ထက် လေးဆပိုမို တိမ်းစောင်းနေသည်။ ကယ်ပီတယ်လ် ဂိတ်သည် လဲပြိုကျမသွားဘဲ ခိုင်မာစွာရပ်တည်နေသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
အဆောက် အဦ၏ ၁၈ ဒီဂရီ တိမ်းစောင်း နေမှုအပေါ် ကျရောက်နေသည့် ကမ္ဘာ့မြေဆွဲအားကို ခံနိုင်ရန် ကြိုတင်အားဖြည့် ကန့်လန့်ဖြတ် သံကူ ကွန်ကရစ် အမာထည် ကို အဆောက်အဦ ဗဟိုချက်မှ အနည်းငယ်ခွာ၍ ပြုလုပ်ထားသည်။ ယင်းအမာထည် ကွန်ကရစ် ထုကို မြေအောက်သို့ မီတာ ၂၀ မှ ၃၀ အထိရိုက်သွင်းထားသော ပိုင် (Pile)အချောင်းရေ ၄၉၀ နှင့် တွဲဆက်ထားခြင်းကြောင့် ကယ်ပီတယ်လ် ဂိတ်သည် တောင့်တင်းခိုင်မာစွာ ရပ်တည်လျက်ရှိပေသည်။
၈။ Sunrise Kempinski Hotel, Beijing,China
ဟိုတယ် တည်ဆောက်မှု လုပ်ငန်းများတွင် ၂၀၁၅ ခုနှစ်သည် မှတ်တမ်းသစ်များဖွင့်လှစ်နိုင်ခဲ့သည့် နှစ်တစ်နှစ် ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဟိုတယ်လုပ်ငန်းများ တစ်ဟုန်ထိုး ဖွံ့ဖြိုးလာချိန်တွင် တရုတ်နိုင်ငံ၏ ခရီးသွား လုပ် ငန်း သည်လည်း နွေးထွေးဖော်ရွေသော ဝန်ဆောင်မှုများကြောင့် နာမည်တက်လာခဲ့သည်။ ယခုနှစ်အတွင်းမှာပင် တရုတ်နိုင်ငံ တွင် အံ့သြဖွယ် ထူးခြားလှသည့်ဗိသုကာ လက်ရာ အဆောက်အဦနှစ်ခုကို ဖွင့်လှစ်ခဲ့သည်။
ယင်းတို့အနက် တစ်ခုမှာ ကမ်ပင်စကီ ဟိုတယ်ဖြစ်ပြီး ရင်သပ်ရှုမောဘွယ် အကောင်းဆုံးလက်ရာတစ်ခုဖြစ်သည်။ ပီကင်းမြို့မှ အပြင်သို့ ၆၀ ကီလိုမီတာကွာဝေးသော နေရာရှိ ရေကန်ကြီးတစ်ခု၏နှုတ်ခမ်းပေါ်တွင် တည်ဆောက် ထားသည့် ကမ်ပင်စကီ ဟိုတယ်သည် နေထွက်လာသည့် ပုံသဏ္ဍာန် တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်သည်။ ယင်းဟိုတယ်သည် ပေါင်းစည်းညီညွတ်မှုနှင့် သဟဇာတ ဖြစ်မှုများကို ဖော်ညွှန်းပုံဖော်ထားကာ တရုတ်ယဉ်ကျေးမှုတွင် လာဘ်ကောင်တစ်ကောင်ဟု ယုံကြည်ထားသည့် ပင်လယ်ကနုကမာကောင်(Scallop) နှင့် ပုံပမ်းအားဖြင့် တူညီသည်။
ဟိုတယ်၏ အရှေ့မျက်နှာစာကို နေထွက်နေသည့် ပုံဖော်ထားခြင်းမှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသော တရုတ် နိုင်ငံ၏ စီးပွားရေး အမှတ်သင်္ကေတကို နိမိတ်ယူထားခြင်းဖြစ်သည်။ဟိုတယ်၏ ဝင်ပေါက်သည် ငါးကြီးတစ်ကောင်၏ ပါးစပ် ပေါက်နှင့် တူညီနေပြီး ကြွယ်၀ ချမ်းသာမှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ဟိုတယ်၏ တရားဝင်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဟိုတယ်တစ်ခုလုံးအား မှန် ဘောင်ကွက်ပေါင်း တစ်သောင်းကျော်ဖြင့် အကွက်ဖော်ထားကာ မှန်များ၏ စုစုပေါင်း ဧရိယာသည် ၁၈၀၇၅ စတုရန်းမီတာဖြစ်သည်။ ဟိုတယ်၏ ထိပ်ပိုင်းများကို ကောင်းကင်ပြာက အရောင်ဟပ်နေစေရန် တည် ဆောက်ထားကာ အလယ်ပိုင်းတွင် ယန်ရှန်တောင်က ဟိုတယ်၏ မှန်များပေါ်သို့ရောင်ပြန်ဟပ်နေသည်။ ဟိုတယ်၏ အောက် ပိုင်း တွင် အနီးရှိ ရေကန်က အရိပ်ထင်နေပေသည်။
၇။ Marina Bay Sands Hotel, Singapore
စင်္ကာပူနိုင်ငံ၊ မာရီနာ ပင်လယ်အော်အတွင်းတွင်တည်ဆောက်ထားသော ဆန်းစ်ဟိုတယ်သည် စင်္ကာပူ နိုင်ငံ၏ အကြီးဆုံးနှင့် အထင်ရှားဆုံး မိုးမျှော်ဟိုတယ်ဖြစ်သည်။ ဟိုတယ်၏ ထိပ်ဆုံး ၅၇ ထပ်တွင် မျှော်စင် သုံးခုအား ကြီးမားသော လှေပုံသဏ္ဍာန် ပြုလုပ် ဆက်သွယ် တည်ဆောက်ထားသည်။ယင်းအထပ်မှာပင် စင်္ကာပူ ဗဟို တစ်ခုလုံးကို အပေါ်စီးမှ မြင်နိုင် သည့် ရေကူးကန်ကြီးတစ်ခုကို ထည့်သွင်းထားသည်။
စားသောက်ဆိုင်နှင့် ချောကလက်ဘား ကြီးတစ်ခု နှင့် စင်္ကာပူနိုင်ငံမှ နာမည်ကြီး ကူဒီတ (Ku De Ta) ကလပ်ကိုလည်း ယင်းအထပ်တွင်ဖွင့်လှစ်ထားသည်။ ဟိုတယ်၏ အောက်ထပ်ကို စင်္ကာပူနိုင်ငံ၏ မြေအောက်ရထားစနစ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။
ဟိုတယ်ပိုင် ဈေးဝယ်စင်တာတစ်ခုနှင့် စားသောက်တန်းလည်းရှိသည်။ ဟိုတယ်တွင် ကမ္ဘာ့ဈေးအကြီးဆုံး ကာစီနိုကစားဝိုင်းလည်းရှိကာ ဟိုတယ်တည်ဆောက်မှု တန်ဖိုးသည် ဒေါ်လာ ရှစ်ဘီလီယံဖြစ်သည်။ ဆန်းစ်ဟိုတယ် ဒီဇိုင်းအား အစ္စရေး ကနေဒါကပြား ဗိသုကာ ပညာရှင် မိုရှေးဆက်ဖ်ဒီက ရေးဆွဲခဲ့သည်။
၆။ Camulus Nordorg, Denmark
၂၀၀၇ ခုနှစ်တွင် ကွန်ဒီနက်စ် ဇိမ်ခံ နှင့် လူနေမှုပုံစံ ခရီးသွားမဂ္ဂဇင်းက ဒိန်းမတ်နိုင်ငံရှိ ကူမြူလာ့စ် အဆောက် အအုံ အား ကမ္ဘာ့ အံ့ဖွယ် ဗိသုကာလက်ရာ ခုနစ်ခု စာရင်းတွင် ရွေးချယ်ထည့်သွင်းခဲ့သည်။ ယင်းအဆောက်အအုံသည် ဒိန်းမတ်နိုင်ငံမြောက်ပိုင်းတွင်တည်ရှိကာ သာမို အင်ဂျင်နီယာ ကုမ္ပဏီအုပ်စု ရုံးချုပ် အနီး တွင် တည်ရှိသည်။ ကူမြူလာ့စ်သည် ပြခန်းဆောင်တစ်ခုကို သိပ္ပံနှင့်နည်းပညာ ပြတိုက်နှင့် တွဲဆက်ထားသည့် အဆောက် အဦဖြစ်သည်။
ယင်းအဆောက်အဦသည် ဆဲလ်တစ်ခုအလား၊ ဥက္ကာခဲတစ်ခုအလား သို့မဟုတ် မော်လီကျူး တစ်ခုအလား ထင်မှတ်ရသည့် ဒီဇိုင်းပုံစံဖြစ်သည်။အဆောက်အဦး ဒီဇိုင်းပညာရှင် ဘာလင်အခြေစိုက် ဗိသုကာ ဂျာဂင်မေယာ က အဆောက် အအုံအား ထင်မြင်ချက်အမျိုးမျိုးဖြစ်စေနိုင်ခြင်းသည်ပင် ယင်း၏ ရည်ရွယ်ချက်ဖြစ်ကြောင်းပြောဆိုခဲ့ပေသည်။
၅။ City of Arts and Science, Spain
ဝိဇ္ဇာနှင့်သိပ္ပံ မြို့တော်သည် စပိန်နိုင်ငံ ၊ ဗလင်စီယာမြို့တွင်တည်ရှိသည့် ဖျော်ဖြေရေး အခြေပြု ယဉ်ကျေးမှု ဗိသုကာ အဆောက်အဦးဖြစ်သည်။ဗလင်စီယာသို့ လာရောက်ကြသော ကမ္ဘာလှည့်ခရီးသည်များ အား အဓိက ဆွဲဆောင်မှုပေးသည့် နေရာလည်းဖြစ်သည်။
ဝိဇ္ဖာသိပ္ပံ မြို့တော် အဆောက်အဦများသည် တူရီယာ မြစ်ကြမ်းပြင်ဟောင်း ၏ အဆုံးတွင် တည်ရှိသည်။တူရီယာ မြစ်သည် ၁၉၅၇ ခုနှစ်တွင် ကပ်ဆိုက်ခဲ့သည့် ရေဘေးဖြစ်ပွားအပြီးတွင် ရေများပြန်သွင်းကာရေလမ်းပြန်ဖော်ထားရသည့် နေရာ ဖြစ်သည်။မြစ်ကြမ်းပြင်အား ရေမြုပ်ပန်းခြံ မြင်ကွင်းတစ်ခုအဖြစ်သို့ပြောင်းလဲထားသည်။
ဗလင်စီယာမှ ဗိသုကာပညာရှင် စန်တိုင်ဂိုကာလာထြာဗာ ပုံစံထုတ်ခဲ့သော ယင်းဝိဇ္ဖာသိပ္ပံမြို့တော်ကို ၁၉၉၆ ခုနှစ် ဇူလိုင်လတွင် ခေတ်မီ ဗိသုကာလောကတွင် အထင်ကြီးလေးစားလောက်ဖွယ် လက်ရာတစ်ခုအဖြစ် တည်ဆောက်ခဲ့သည်။ ဝိဇ္ဖာသိပ္ပံမြို့တော်အတွင်းအနုပညာ ဖျော်ဖြေရေး ဝင်တာ၊ရုပ်ရှင်ရုံ၊နက္ခတ်တာရာ ပြခန်း၊ ပန်းဥယျာဉ်၊သိပ္ပံပြခန်း၊ လေဟာပြင် ငါးပြတိုက်၊ဘက်စုံသုံး နေရာ တို့ကို ထည့်သွင်း တည်ဆောက်ထားသည်။
၄။ Akshardham Temple, India
ကမ္ဘာ့အံ့ဖွယ် ဘုရားဝတ်ပြုကျောင်းများအနက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အက်ခ်ရှာ့ဒ်ဟမ် ဘုရားကျောင်းသည် ခေတ်မီ နည်းပညာများနှင့် ရိုးရာ ဗိသုကာ ပုံစံတို့ကို ပေါင်းစပ် တည်ဆောက်ထားသည့် အဆောက်အဦဖြစ်သည်။ ယမုံနာ မြစ်ကမ်းဘေးတွင် ၈၀၀၀ စတုရန်းမီတာကျယ်ဝန်းသော မြေနေရာပေါ်တွင် ယင်းကျောင်းတော်ကို သံနှင့် စတီးကို အသုံးမပြုဘဲ သဲကျောက်ဖြူတုံးများကိုသာ သုံးစွဲ တည်ဆောက်ထားသည်။
အက်ခ်ရှာ့ဒ်ဟမ် ဘုရားကျောင်းသည် အိန္ဒိယနိုင်ငံမြို့တော်လာ ခရီးသည်များစွာကို များစွာဆွဲဆောင်လျက်ရှိသည်။၂၀၀၅ ခုနှစ်တွင်ကျွမ်းကျင် ပညာရှင်များနှင့် လုပ်သား၇၀၀၀ ကျော် နှင့် လုပ်အားပေး ပြည်သူ ၃၀၀၀ လုပ်အားဖြင့် ယင်းကျောင်းတော်ကြီးကို ဆောက်လုပ်ခဲ့ကြသည်။ကျောင်းတော်ကြီး၏ ဗိသုကာမှာ ပရာမောက်ဆွာမိမဟာရာဇာ ဖြစ်သည်။
၃။ Chapel of Holy Cross, US
အမေရိကန်နိုင်ငံ၊ အာရီဇိုနားပြည်နယ်၊ ဆီဒိုနာတွင် အနီရောင်ကျောက်သားမျှော်စင်ကြီး နှစ်ခုအကြားတွင် ခမ်းနားစွာ တည်ဆောက်ထားသည့် ဝတ်ပြုစင်ကြီးကို ၁၉၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ကက်သလစ်ဘာသာဝင် တို့၏ မြင့် မြတ် သော လက်ဝါးကပ်တိုင် ဝတ်ပြုစင်ကြီးသည် ပြိုင်စံရှားသည့် ဗိသုကာ ဒီဇိုင်းတစ်ခုဖြစ်ပေသည်။ အဆောက်အအုံပုံစံကို စိတ်ကူးသစ်ကွန့်မြူးခဲ့ သည့် ဗိသုကာပညာရှင် မာဂွာရိုက် ဘရူဆွစ်စတောက်သည် ၁၉၃၂ ခုနှစ်တွင် နယူးယောက်သို့ သွားရောက်လည်ပတ်ခဲ့ရာမှ စိတ်ကူးရခဲ့သည်။
ထိုစဉ်က အသစ်တည်ဆောက်နေသော အင်ပါယာအဆောက်အဦးကို ထောင့်ချိုးတစ်ခုမှ ကြည့်ရာတွင် လက်ဝါး ကပ် တိုင်တစ်ခုကို မြင်နိုင်ပုံအား သတိမူမိခဲ့သည်။ သူမသည် ထိုအချိန်မှစ၍ ထိုဒီဇိုင်းကို အခြေခံသော ဘုရားရှိခိုး ကျောင်းတစ်ခု ကို တည်ဆောက်ရန် စိတ်ကူးခဲ့သည်။ စတောက်သည် ဥရောပ နှင့် အမေရိကန်နိုင်ငံ အနှံ့လိုက်လံလေ့လာမှုပြုခဲ့ကာ အမေရိကန် နိုင်ငံဆီဒိုနာတွင် ဆန်းပြားသော ဝတ်ပြုစင်ကြီးကို နေရာချထားခဲ့သည်။
၂။ Infinity Tower, UAE
အာရပ်စော်ဘွားများ ပြည်ထောင်စု သမ္မတနိုင်ငံ၊ ဒူဘိုင်မြို့တွင်တည်ရှိသည့် အင်ဖန်နတီ မျှော်စင်သည်ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော လိမ်နေသည့် မိုးမျှော် အဆောက်အဦဖြစ်သည်။စပရိန်ပုံစံ လိမ်နေသည့် အဆိုပါ အဆာက်အအုံကြီးသည် အခြေမှ ထိပ်ဖျား ၃၀၅ မီတာ(ပေ ၁၀၀၀) အမြင့်သို့ရောက်အောင် ၉၀ ဒီဂရီ လှည့်ပတ်ကာ တက်သွားသဖြင့် ထူးခြား လွန်း သည့် ဗိသုကာ ပုံစံတစ်ခုဖြစ်သည်။
အထပ် ပေါင်း ၈၀ ရှိသည့် လူနေအဆောက်အဦး အင်ဖန်နတီသည် ယင်း၏ ဆန်းပြားသာ အမြင့်ကို အားပြုကာ အဆောက်အအုံရှေ့ရှိ လှုပ်ရှားနေသည့် မြစ်ပြင်ရှုခင်းကို အထပ်တိုင်းမှ မြင်နိုင်စေရန် စီစဉ်ထားသည်။ ထူးခြားလွန်းသည့် အချက်မှာ အဆောက်အဦးအတွင်းမည်သည့်နေရာတွင်မှ တိုင် တစ်တိုင်ပင် မရှိခြင်းပင်။
၁။ Sydney Opera House,Australia
ဆစ်ဒနီဲမြို့မှ အော်ပရာရုံသည် သြစတြေလျနိုင်ငံ။ လက်ရာအမြောက်ဆုံး ဗိသုကာ လက်ရာဟု အသိအမှတ်ပြုခြင်း ခံရသည်။အော်ပရာအဆောက်အအုံ၏ အမိုးသည် မိုးသို့ပျံတက်တော့မည့်အလား ဖြူဆွတ်နေသည့် အမိုးများဖြင့် မိုးထား သည့် ခရုခွံပုံ အမိုးများသည် အော်ပရာရုံထိပ်ဖျားတွင် အစုလိုက်လွင့်တက်တော့မည့် ပုံဖြစ်နေသည်။
အနီရောင် ဂရင်းနိုက် ကြမ်းခင်းများခင်းထားသည့် အော်ပရာရုံ အဆောက်အအုံသည် ၂၀ ရာစု၏ ဗိသုကာ အမှတ်လက္ခဏာ(icon)တစ်ခုဟု နိုင်ငံ တကာက အသိအမှတ်ပြုကြသည်။ဆစ်ဒနီ ဆိပ်ကမ်း နှင့် အော်ပရာရုံက မျက်စေ့အာရုံ၏ ဆုံမှတ်သဖွယ်ဖြစ်နေပေသည်။
ဆစ်ဒနီ အော်ပရာရုံအား အဓိက ခန်းမ နှစ်ဆောင်၊စားသောက်ဆိုင်တစ်ဆောင်တို့ကို တစ်ခုနှင့် တစ်ခု ဆက်သွယ် ထားကာ ခရုခွံပုံ အမိုးများဖြင့် အုပ်မိုးထားသည်။အဆောက်အဦ တစ်ခုလုံးအားကြီးမားသော ပလက်ဖောင်းတစ်ခုပေါ်တွင် တည်ထားခြင်းဖြစ်ပြီး ဘေးပတ်ပတ်လည်တွင် လူများဥဒဟိုသွားလာနေသော လျှောက်လမ်းများဖြင့် ဝိုင်းပတ်ထားသည်။
အဆောက်အဦးကို ပုံစံထုတ်ခဲ့သူ ဒတ်ချ်လူမျိုး ဗိသုကာ ပညာရှင်ဂျွန်အတ်ဇုန်အားအပြည်ပြည်ဆိုင်ရာ ဂျူရီအဖွဲ့က ဆုချီးမြှင့် ခဲ့ပြီးနောက် ယင်းအဆောက်အအုံသည် ဆောက်လုပ်မှု သစ်ဆန်းသောနည်းပညာ သို့အကြီးအကျယ်ပြောင်း လဲနိုင်ခဲ့သည့် လက်ရာတစ်ခုဟု မှတ်ချက်ပြုခဲ့ကြသည်။
ဆစ်ဒနီဲမြို့မှ အော်ပရာရုံသည် ယူနက်စ်ကို အဖွဲ့၏ အသေးငယ်ဆုံး သော ကမ္ဘာ့ အမွေအနှစ်နေရာတစ်ခုဖြစ်လာခဲ့ပေသည်။ အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည့် ဗိသုကာ နှင့် အင်ဂျင်နီယာ ပညာရပ်များကြောင့် ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် အံ့မခန်းသော ဆန်းသစ် ထူးခြားသော အဆောက်အအုံများသည် ဆက်လက် ပေါ်ထွက်နေဦးမည်သာ ဖြစ်ပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၅ ခုနှစ်ဒီဇင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်း
Discussion about this post