ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)
လူအများစုလက်ခံထားသော ‘ကျောင်း’ ဆိုသည့်ဝေါဟာရသည် ပညာရပ်အသီးသီးကို ပို့ချရန်နှင့် သင်ယူလေ့လာရန် ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ ဆုံစည်းရာ အဆောက်အဦးတစ်ခုပင်ဖြစ်သည်။ မနက်ခင်းတွင် ကျောင်းသား ကျောင်းသူများသည် လွယ်အိတ်ကိုယ်စီဖြင့် ကျောင်းသို့ရောက်ရှိလာကြသည်။
ဆရာ ဆရာမများ၏ သင်ကြားပို့ချမှုများကို မှတ်သားလိုက်နာ၍ ကိုယ်တိုင်လေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။ ကျောင်းဆင်းလျှင် အိမ်ပြန်ကြပြီး နောက်တစ်နေ့တွင် ထိုနေရာသို့ ပြန်လာကြပြန်သည်။ ထိုနေရာကိုပင် ‘ကျောင်း’ ဟု သတ်မှတ်ကြသည်။ သို့သော် ကမ္ဘာပေါ်ရှိ အချို့သောကျောင်းများသည် လူအများစု လက်ခံထားသည့်ကျောင်းများထက် ပိုမိုထူးခြားနေတတ်ကြောင်း တွေ့ရပါသည်။
၁၀။ တုန်းကျုံးလှိုဏ်ဂူမူလတန်းကျောင်း (Dongzhong Mid-Cave Primary School)
တုန်းကျုံးလှိုဏ်ဂူမူလတန်းကျောင်းသည် တရုတ်နိုင်ငံ ၊ ကွေးကျိုပြည်နယ်အတွင်းရှိ တောင်ထူထပ်သော မြောင်ရွာလေးအနီး ဂူတစ်ခုထဲတွင် တည်ရှိသည်။ တုန်းကျုံး (Dongzhong) ဆိုသည်မှာ ‘ဂူထဲတွင်’ ဟုအဓိပ္ပာယ်ရသည်။ ကွေးကျိုပြည်နယ်သည် တရုတ်နိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များထဲမှတစ်ခုဖြစ်ပြီး အစိုးရအထောက်အပံ့ မရှိသလောက်နည်းပါးသည့် ဒေသလည်းဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် ဆရာ ဆရာမ (၈) ယောက် ၊ ကျောင်းသူ ကျောင်းသား (၁၈၆) ယောက်တို့ဖြင့် ထိုလှိုဏ်ဂူကျောင်းလေးကို စတင်ခဲ့သည်။
အချို့ကျောင်းသားများသည် နေ့စဉ် ပညာဗဟုသုရှာမှီးရန်အတွက် ကျောင်းသွားကျောင်းပြန်ချိန် စုစုပေါင်း (၆) နာရီအထိ အချိန်ယူခဲ့ရသည်။ ရွာသူရွာသားများသည်လည်း ကျောင်းဆက်ဖွင့်ခွင့်ရနိုင်ရန် စိုးရိမ်ခဲ့ကြသည်။ သူတို့စိုးရိမ်သည့်အတိုင်းပင် ကျောင်းဖွင့်ပြီး၂၃ နှစ်အကြာတွင် တရုတ်အာဏာပိုင်များက ထိုကျောင်းကိုပိတ်လိုက်သည်။ တရုတ်နိုင်ငံသည် လှိုဏ်ဂူထဲကလူ့အဖွဲ့အစည်းမဟုတ်သောကြောင့် ပြောင်းလဲမှုလိုအပ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၉။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရေပေါ်ကျောင်းများ (The Boat Schools of Bangladesh)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တစ်နှစ်လျှင်နှစ်ကြိမ် ရေကြီးလေ့ရှိပြီး ပြည်သူသန်းပေါင်းများစွာတို့သည် ရေသန့် ၊ လျှပ်စစ်မီးနှင့် အခြားလိုအပ်ချက်ဆိုင်ရာ အခက်အခဲများနှင့်ရင်ဆိုင်ရသည်။ ကလေးများအတွက် ကျောင်းများမဖွင့်ပေးနိုင်သောကြောင့် ကျောင်းတက်ရန်လည်း အခက်အခဲဖြစ်လာရသည်။
နှစ်စဉ် ရေကြီးမှုကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ရှီဒူလေး ရွှမ်နဲဗား ရှန်စတာ (Shidhulai Swanirvar Sangstha) ဟုခေါ်သည့် ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုက ကူညီဖြေရှင်းပေးခဲ့သည်။ အိမ်များ ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနှင့် ရေပေါ်ကျောင်းများကို ထိုအဖွဲ့က ဆောက်လုပ်ပေးခဲ့သည်။
ထိုအဖွဲ့သည် ရေပေါ်ကျောင်း (၁၀၀) နီးပါးခန့်ကို ဆောက်လုပ်ပေးခဲ့သည်။ ကျောင်းတိုင်းတွင် နေစွမ်းအင်ရှိပြီး ကွန်ပျူတာတစ်လုံးတပ်ဆင်လျက် အင်တာနက်နှင့် စာကြည့်တိုက်အသေးစားတစ်ခုထားရှိသည်။ ရေကြီးသော်လည်း ရေပေါ်ကျောင်းများက ဖွင့်မြဲပင်ဖြစ်သည်။
ကျောင်းသားတစ်စုပြီးတစ်စုအား ရေဘေးသင့်နေရာများမှ ရှာဖွေ၍ စာသင်ခန်းတွင် ပညာသင်ယူစေပြီး သူတို့နေရာဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသည်။ ၂၀၀၂ ခုနှစ်တွင် ထိုရေပေါ်ကျောင်းများကို တည်ဆောက်၍ ကျောင်းသား ၇၀,၀၀၀ ခန့် ပညာသင်ယူလျက်ရှိသည်။
၈။ အိန္ဒိယနိုင်ငံရှိ မီးရထားစြင်္ကံကျောင်း (The Train Platform Schools of India)
အင်ဒါဂျစ်ခူရားနားသည် အလုပ်သို့ ရထားစီးသွားသည့်အချိန်တိုင်း ခရီးသည်များအား တောင်းရမ်းနေကြသော ကျောင်းမသွားနိုင်သည့်ကလေးငယ်များကို တွေ့ရှိခဲ့သည်။ ခူရားနားသည် အိန္ဒိယနိုင်ငံ ၊ အော်ရီဆာပြည်နယ်မှ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ထိုကလေးများ၏ အနာဂတ်အတွက် အကူအညီပေးရန် လိုအပ်သည်ဟုယူဆသည်။
ကလေးများကို ကျောင်းသို့ခေါ်ဆောင်သွားရန် မဖြစ်နိုင်သောကြောင့် ကျောင်းကိုသာ ကလေးများဆီသို့ ခေါ်လာပေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့်ပင် ရူခီကာကျောင်း လူမှုရေးဝန်ဆောင်မှုအဖွဲ့ (RSSO) ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၁၉၈၅ ခုနှစ်တွင် မီးရထားစြင်္ကံကျောင်းကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ခူရားနားသည် ကျောင်းတစ်ကျောင်းနှင့်စတင်ခဲ့သော်လည်း ထိုအစီအစဉ်ကြောင့် ကျောင်းသားပေါင်း ၄၀၀၀ ကျော်ကို စာသင်ကြားပေးနိုင်ခဲ့သည်။ ထိုကျောင်းများသည် လမ်းဘေးကလေးများ ၊ အလုပ်လုပ်နေသည့်ကလေးများနှင့် ဆင်းရဲသားမိသားစုမှကလေးများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။
မီးရထားမှတ်တိုင်များတွင် ကလေးများကိုစု၍ အရေး အဖတ်သင်ကြားသည်။ လေ့လာရေးခရီးများ ၊ ရုပ်ပုံကတ်များ ၊ သီချင်းများ ၊ ပြဇာတ်များ ၊ ဂီတနှင့် ရုပ်သေးများဖြင့် သင်ကြားပေးသည်။ ကလေးများ၏မိသားစုများအတွက်လည်း စားဝတ်နေရေးအခက်အခဲရှိနိုင်ကြောင်း ခူရားနားက သဘောပေါက်သဖြင့် ဆေးဝါးနှင့်အစားအစာများကို RSSO က တာဝန်ယူထောက်ပံ့ပေးထားသည်။
၇။ အဲဘိုးမူလတန်းကျောင်း (Abo Elementary School)
အဲဘိုးမူလတန်းကျောင်းသည် အမေရိကန်နိုင်ငံ၏ ပထမဆုံးမြေအောက်ကျောင်းဖြစ်သည်။ စစ်အေးတိုက်ပွဲကာလအတွင်း နယူကလီးယားလက်နက်များဘေးမှ ကာကွယ်ရန် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီသည် ထိုကျောင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ကျောင်းသည် မြေအောက်တွင်တည်ရှိပြီး ကစားကွင်းသည် ကျောင်းခေါင်မိုးပေါ်တွင်ဖြစ်သည်။ ဝင်ပေါက် ၃ ခုရှိသည်။ ဝင်ပေါက်တစ်ခုစီကို ၈၀၀ ကီလိုဂရမ်ရှိသည့် စတီးတန်းများဖြင့် ကာရန်ထားသည်။
ထိုကျောင်းသည် လျှပ်စစ်သံလိုက်လှိုင်းများကို ကာကွယ်နိုင်ပြီး ၂၀ မက်ဂါတန်ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိသည်။ ရေခဲတိုက် ၊ ရေနွေးငွေ့စက် ၊ ရေတွင်း ၊ လေဝင်လေထွက်စနစ် ၊ ဆေးဝါးနှင့် အစားအစာများ ထားရှိသည်။ ဗုံးအကာအကွယ်အဖြစ် ဆောက်လုပ်ခဲ့သော်လည်း ဗုံးဒဏ်မသင့်ခဲ့ပေ။ ပြုပြင်စရိတ်များကြောင့် ထိုကျောင်းကို ၁၉၉၅ ခုနှစ်တွင် ပိတ်ခဲ့ရသည်။
၆။ ကူးလူးမူလတန်းကျောင်း (Gulu Elementary School)
ကူးလူးသည် လူသိနည်းသည့် တရုတ်နိုင်ငံ ၊ ဟန့်ယွီမှ ရွာလေးတစ်ရွာဖြစ်သည်။ မြွေလိမ်မြွေကောက်လမ်းများနှင့် ပြည့်နေပြီး တောင်တက်လမ်းများ ၊ ကျောက်ဆောင်များကိုလည်း ဖြတ်သွားရသောမြို့လေးဖြစ်သည်။ ကူးလူးမူလတန်းကျောင်းကိုမူ ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် စန်းချီကျွင်ဆိုသည့် ဆရာတစ်ယောက်တည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကျွင်သည် အသက် ၁၈နှစ်အရွယ်တွင် ကူးလူးရွာသို့ ရောက်လာခဲ့သည်။
သူရောက်ခါစတွင် ထိုဒေသ၌ သန့်စင်ခန်းပင်မရှိသေးသည့်အခြေအနေဖြစ်သည်။ ထို့နောက် ရွာသူရွာသားများကိုစည်းရုံး၍ တောင်ပေါ်တွင် သန့်စင်ခန်းများတည်ဆောက်ရန် ကူညီပေးခဲ့သည်။ ကျောင်းကိုပြန်လည်ပြုပြင်ပြီး သန့်စင်ခန်းတစ်ခုပါ ဆောက်လုပ်ပေးသည်။ အသုံးမပြုတော့သည့် ကျောက်သင်ပုန်းချပ်တစ်ချပ်ဖြင့် ဘတ်စကတ်ဘောကစားကွင်းတစ်ခုလည်း ပြုလုပ်ပေးခဲ့သည်။
၅။ ဟာဗေးမေ့ခ် အထက်တန်းကျောင်း (Harvey Milk High School)
နယူးယောက်ရှိ ဟာဗေးမေ့ခ်အထက်တန်းကျောင်းသည် နာမည်ကြီး မိန်းမလျှာအခွင့်အရေးလှုပ်ရှားသူ နိုင်ငံရေးသမား ဟာဗေးမေ့ခ်ကိုအစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။ ပုံမှန်ကျောင်းများတွင် ခွဲခြားဆက်ဆံခံရသော ယောကျ်ားလျာများ ၊ မိန်းမလျာများ ၊ လိင်နှစ်မျိုးစလုံးစိတ်ပါဝင်စားသူများနှင့် လိင်ပြောင်းလဲထားသူများအတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
ထိုကျောင်းသည် အိမ်ပြေးများကိုလည်း လက်ခံပေးသည်။ ၂၀၀၃ ခုနှစ်ကစ၍ အထက်တန်းအောင်လက်မှတ်များ စတင်ပေးခဲ့သည်။ ထိုနှစ်မှာပင် မိန်းမလျာဆန့်ကျင်ရေးအဖွဲ့များ၏ ဝေဖန်ခြင်းကိုခံရသည်။ ကျောင်းအတွက် အစိုးရရန်ပုံငွေအဆုံးသတ်ပေးရန် တရားစွဲဆိုမှုများနှင့်လည်း ရင်ဆိုင်ရသည်။
၄။ ထရာဗာဂျိုယာကျောင်း (Trabajo Ya)
ပြည့်တန်ဆာလုပ်ငန်းသည် စပိန်နိုင်ငံတွင် ယနေ့အထိ လူဦးရေ ၂၀၀,၀၀၀ မှ ၄၀၀,၀၀၀ အကြားရှိသည်။ ‘ယခုပင် စလုပ်ပါ’ ဟု အဓိပ္ပာယ်ရသော ထရာဗာဂျိုယာ (Trabajo Ya) ကျောင်းသည် ပြည့်တန်ဆာများကို ကုန်သွယ်ရေးနည်းလမ်းများ သင်ပေးနိုင်ရန် ဗလန်စီယာ တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ထိုကျောင်းသည် အသက်မွေးဝမ်းကြောင်း အထောက်အကူအဖြစ် ပြည့်တန်ဆာလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်းများ ပို့ချပေးသည်။ အမျိုးသားရော အမျိုးသမီးများပါ အသက်မွေးဝမ်းကြောင်းအတွက် အမြတ်အစွန်းရပြီး အလုပ်အကိုင်အဆင်ပြေနိုင်ကြောင်း ထိုသင်တန်းသို့လျှောက်ထားရန် ကြော်ငြာသည်။
သင်တန်းချိန်သည် စာတွေ့နှင့်လက်တွေ့စုစုပေါင်း တစ်ပတ်ကြာသည်။ သမိုင်းကြောင်းများ ၊ ပြည့်တန်ဆာများ၏ ဆင့်ကဲပြောင်းလဲပုံများနှင့် စီးပွားရေးကျွမ်းကျင်မှုများကို လေ့လာရန် သင်တန်းကြေး ယူရို (၁၀၀) ပေးသွင်းရသည်။ နေ့စဉ် လက်တွေ့ (၂) နာရီလုပ်ဆောင်ရပြီး လိင်ကစားစရာအရုပ်များကို လေ့လာရသည်။ ကာမသျှတရ (Kama Sutra) နှင့်လည်း သူတို့ကိုယ်တိုင် ရင်းနှီးကျွမ်းဝင်အောင်လုပ်ရသည်။
ထိုကျောင်းကိုဆန့်ကျင်သူများက တရားစွဲဆိုခဲ့သော်လည်း ကျောင်း၏လှုပ်ရှားမှုများကို တရားရုံးက စုံစမ်းခဲ့ပြီး ထိုကျောင်းသည် ပြည့်တန်ဆာလုပ်ငန်းကို မြှင့်တင်ပေးခြင်းမဟုတ်ကြောင်း သဘောတူခဲ့ကြသည်။ ကံကောင်းထောက်မစွာပင် ထရာဘာဂျိုယာကျောင်းသည် ဆက်လက်ရပ်တည်လျက်ရှိသည်။
၃။ အနာဂတ်၏ ဖီလာဒဲဖီးယားကျောင်း (The Philadelphia School Of The Future)
အနာဂတ်၏ ဖီလာဒဲဖီးယားကျောင်းကို ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းရှိကျောင်းသားများသည် စာအုပ်ရှိရန်မလို။ စာအုပ်များသုံးသည့်အစား ကွန်ပျူတာများကိုသာ အသုံးပြုကြသည်။ သင်္ချာသင်ယူရာတွင် မှတ်စုရေးသည့်ဆော့ဖ်ဝဲကိုသာ သုံးကြသည်။ ဆရာများကမူ ရိုးရာကျောက်သင်ပုန်းနှင့်မြေဖြူအစား ကွန်ပျူတာစနစ်ကျောက်သင်ပုန်းများကိုသာ အသုံးပြုကြသည်။ ကျောင်းသားများသည် ကျောင်းသားကဒ်နှင့်ဖွင့်ရသော ဒီဂျစ်တယ်လော့ကာများကို အသုံးပြုသည်။
ထိုကျောင်းဖွင့်ပြီးနောက် စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ခေါင်းဆောင်မှုဆိုင်ရာပြဿနာများလည်း ရှိခဲ့သည်။ ကျောင်းသားများသည် ဒစ်ဂျစ်တယ်ခေတ်ဆီသို့ မရောက်မီ နည်းပညာပိုင်းဆိုင်ရာထိရောက်မှု အားနည်းကြသည်။ ဆရာများသည်လည်း စာသင်ခန်းတွင်း ပူးပေါင်းလုပ်ဆောင်ရသည့် နည်းပညာဆိုင်ရာပြဿနာများ ရှိခဲ့သည်။ စာသင်ကျောင်းသည် ခရိုင်ကလိုအပ်သည့် ပညာရပ်ဆိုင်ရာအကဲဖြတ်မှုများနှင့်လည်း ကိုက်ညီမှုမရှိခဲ့ပေ။
အစောပိုင်းကာလကြိုးပမ်းမှုများကြောင့် ကျောင်းသည် အောင်မြင်လာခဲ့သည်။ ကျောင်းသားများသည်လည်း သင်္ချာနှင့် စာဖတ်စွမ်းရည်တွင် အမှတ်ကောင်းလာကြသည်။ ကွန်ပျူတာနှင့် အခြားအစီအစဉ်များအကျွမ်းတဝင်ဖြစ်လာခြင်းသည် ကျောင်းသားများအတွက် ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရန် အခွင့်အလမ်းမြင့်မားလာခြင်းပင်ဖြစ်သည်။
၂။ ဘရွတ်ကလင် အလွတ်တန်းကျောင်း (Brooklyn Free School)
ဘရွတ်ကလင်အလွတ်တန်းကျောင်းကို နှစ်ပိုင်းခွဲထားသည်။ အထက်တန်းကျောင်းသည် အသက် ၁၁ နှစ် မှ ၁၈ နှစ်အရွယ်ကလေးများအတွက်ဖြစ်ပြီး မူလတန်းကျောင်းသည် အသက် ၄ နှစ်မှ ၁၀ နှစ်အရွယ်ကလေးများအတွက် ဖြစ်သည်။ ထိုကျောင်းတွင် သင်ရိုးညွှန်းတမ်း မရှိပေ။ ကျောင်းသားတိုင်းသည် မိမိတို့နှစ်သက်သည့်အတန်းကို ရွေးချယ်ခွင့်ရှိသည်။ မိမိတို့ဆန္ဒအလျောက် ကျောင်းပြင်ပတွင်နေခွင့်ရှိသည်။ ကျောင်းသားများကပင် ကျောင်းစည်းကမ်းကို သတ်မှတ်ကြသည်။
အချို့ကျောင်းသားများသည် မိမိတစ်ယောက်တည်း လွတ်လွတ်လပ်လပ်သင်ယူရန် ဆုံးဖြတ်နိုင်ခွင့်ရှိသည်။ အချို့သည် ကစားခြင်း ၊ လျှောက်လည်ခြင်းနှင့် တရေးအိပ်ခြင်းတို့ကိုလည်း ကိုယ်တိုင်ဆုံးဖြတ်နိုင်သည်။ တီဗွီအစီအစဉ်များကို ကြည့်ရှုလေ့လာ၍ ဆွေးနွေးကြသည့်အတန်းများလည်းရှိသည်။ မြို့တွင်းရှိ စားသောက်ဆိုင်များသို့ သွားရောက်စားသောက်ခြင်းမပြုမီ ထိုဆိုင်များအကြောင်း နှိုင်းယှဉ်ပြောဆိုလေ့လာတတ်ကြသည်။
မည်သို့သောကျောင်းသားများကို ရွေးချယ်သင့်သည်နှင့် ကျောင်းကို မည်သို့ စီမံသင့်သည်များကို အပတ်စဉ် အစည်းအဝေးကျင်းပလေ့ရှိသည်။ စာမေးပွဲမရှိ။ အိမ်စာမရှိ။ အဆင့်သတ်မှတ်ခြင်းမရှိပေ။ ကျောင်းသားတစ်ယောက်၏ဆန္ဒအလျောက် ကျောင်းနှင့်ပတ်သက်သည့်ကိစ္စရပ်များရှိလျှင် အစည်းအဝေးခေါ်ယူနိုင်သည်။
ဆရာများက ကူညီပံ့ပိုးရုံသာလုပ်ဆောင်ပြီး ကျောင်းသားများက အတန်းကိုဦးဆောင်ကြရသည်။ ကျောင်းအုပ်ကြီး၏အစီအစဉ်အရ ကျောင်းသားတစ်ဦးစီကို မိမိတို့ကိုယ်ပိုင်လမ်းကြောင်းရှာဖွေတတ်ရန် ကျောင်းကမျှော်မှန်းထားသည်။ ဘရွတ်ကလင် အလွတ်တန်းကျောင်း၏ သင်ကြားရေးပုံစံကို သင်ရိုးညွှန်းတမ်းမရှိခြင်းကြောင့် ဝေဖန်ခြင်းခံရသည်။
၁။ စုန်းကျောင်း (Witch School)
ကမ္ဘာတလွှား စုန်းပညာတိုးတက်လာစေရန် စုန်းကျောင်းက စုန်းပညာသင်ကြားပေးသည်။ ကျောင်းသား ၄၀,၀၀၀ ခန့်သည် အွန်လိုင်းမှ သင်ယူကြခြင်းဖြစ်ပြီး လူကိုယ်တိုင်သွားရောက်သင်ယူနိုင်သည့် နေရာတစ်ခုလည်းရှိသည်။ အစဦးပိုင်းတွင် ကျောင်းတည်နေရာသည် ချီကာဂိုမြို့ ၊ ရိုစ့်ဗဲလ်ပြည်နယ်တွင်ရှိပြီး (၂) နှစ်တာ တည်ရှိခဲ့သည်။ ထို့နောက် မဆက်ခြူးစက်ပြည်နယ် (Massachusetts) ၊ ဆေလမ်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနေရာတွင် ၁၆၉၂ မှ ၁၆၉၃ ခုနှစ်အကြား ဆန်းသစ်ဆောင်ရွက်နေသော စုန်းအတတ်ပညာကို လူ ၂၀၀ ခန့်က စွပ်စွဲပြောဆိုကြသည်။
ရိုစ့်ဗဲလ်မှ ဆေလမ်မြို့သို့ ပြောင်းရွှေ့ခြင်းမှာ အကြောင်းရင်းရှိသည်။ ရိုစ့်ဗဲလ်တွင် စုန်းများမောင်းသည့် ကားဘီးများပေါ်တွင် ရေစင်များဖြန်းပတ်၍ ခရစ်ယာန်များက ဝေဖန်ကန့်ကွက်ခြင်းကြောင့်ဖြစ်သည်။ အချို့က သူတို့ကိုယ်ပိုင်ကားများပေါ်တွင် ရေစင်များဖျန်းပတ်ထားကြသည်။ ဆေလမ်မြို့ကိုရွေးရသည်မှာ ထိုနေရာတွင် စုန်းအဖွဲ့အစည်းတစ်ခုရှိပြီး စုန်းအချင်းချင်း ရင်းနှီးဖော်ရွေမှုရနိုင်ခြင်းကြောင့်ဖြစ်သည်။
စာသင်ကျောင်းများစွာ ပေါ်ထွက်လာခြင်းသည် သင်ယူလေ့လာသူများအတွက်အကျိုးရှိစေရုံသာမက ကမ္ဘာကြီးတိုးတက်မှုအတွက်ပါ အထောက်အကူပြုပါသည်။ ဖော်ပြပါကျောင်းများ၏ ဆောင်ရွက်ပုံဆောင်ရွက်နည်းများမှ မိမိတို့ဒေသနှင့်သင့်လျော်သည့်နည်းလမ်းများကို မှတ်သားလေ့လာခြင်းဖြင့် ကောင်းမွန်ပြည့်စုံသောကျောင်းများ ဖန်တီးတည်ဆောက်လာနိုင်မည်ဖြစ်ပါသည်။ ။
မောင်သာ (ရှေးဟောင်းသုတေသန)
Discussion about this post