ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)
ကမ္ဘာပေါ်တွင် သစ်ပင်မရှိသော နိုင်ငံ လုံးဝမရှိသော်လည်း ထူးထူးခြားခြား ပေါက်ရောက်နေသည့် သစ်ပင်များသည် ကား နိုင်ငံတိုင်းတွင်မရှိနိုင်ပါချေ။သစ်ပင်မှန်သမျှ မြေမှပေါက်ကြသည်သာ ဖြစ်ကြသော်လည်း ပုံမှန် မဟုတ်ဘဲ ထူးခြား နေ သည့် သစ်ပင်များကို စာရင်းပြုစုကာ ၂၀၁၁ ခုနှစ်တွင် ပုံမှန် မဟုတ်သော သစ်ပင်များ(Unusal Trees)အမည်ဖြင့် စာရင်း တစ်ခု ထုတ်ဝေခဲ့သည်။ထိုစာရင်းကိုမှီငြမ်းလျက် ကလက်ဘ် ကွမ်ပတွန် (Caleb Compton)က ကမ္ဘာအနှံ့ရှိ ထူးထွေ ဆန်း ပြား သစ်ပင်များကို စုစည်း တင်ပြခဲ့သည်။
၁၀။ ပုလင်းပုံ အပင်များ(Bottle Trees)
နမ်မီးဘီးယားနိုင်ငံတွင် ထူးခြားသော ပုလင်းပုံဖြစ်နေသည့် သစ်ပင်များ သည် ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိ သတ္တဝါ များအား အသက်သေစေနိုင်သည် အထိ အန္တရာယ်ကြီးမားသော အပင်မျိုးစိတ် တစ်ခု အဖြစ် ထင်ရှားလှပေသည်။ထိုအပင်မှ ထွက်ရှိသော နို့နှစ်ရောင် သစ်စေးသည် အဆိပ်ပြင်းထန်သဖြင့် ရှေးယခင်ကာလ များတွင် ချုံခို တိုက်ခိုက်သူများက မြားဆိပ် အဖြစ် အသုံးပြုခဲ့ကြသည်။
ထိုအပင်များသည် ပုလင်းပုံများနှင့် တူနေသောကြောင့် ပုလင်းပင်(Bottle Tree) ဟုခေါ်ဆိုကြ သည်။ ထိုအပင်များသည် နမ်မီးဘီးယား နိုင်ငံ ကန္တာရများအတွင်း ရှိနေသည့် တောင်တန်းဒေသများတွင် အများဆုံးပေါက် ရောက်လျက်ရှိသည်။ပုလင်းပင်၏ အပွင့်များသည်ထူးခြားစွာ လှပကြပြီး အပွင့်များ၏ အလယ်တွင် ပန်းရောင်၊အဖြူရောင်၊ အနီရင့်ရောင်များ ရှိကြသည်။
၉။ ဝါဝိုနာ (Wawona)
အမေရိကန်နိုင်ငံ၊ယိုးစ်မိုက် အမျိုးသားဥယျာဉ်အတွင်း မရီပိုစာ သစ်တောအုပ်အတွင်းတွင် ပင်လယ်ကမ်းခြေများ တွင် ပေါက်ရောက်လေ့ရှိသည့် သစ်နီပင် တစ်ပင်ရှိသည်။ထိုသစ်နီပင်အား ဝါဝိုနာ ဟု အမည်ပေးထားသည်။ ထို အပင်၏ ပင်စည် တွင် တိုးလျှိုးပေါက် ဖောက်ထားသည့် လိုဏ်ခေါင်းတစ်ခုရှိနေသည်။ထိုအပင်အား ၁၈၈၁ ခုနှစ်တွင် ပင်စည် ကိုဖောက်ထွင်း ကာခုတ်ဖြတ်ခဲ့သည်။
ထိုအချိန်မှစ၍ ဝါဝိုနာသည်ကမ္ဘာလှည့် ခရီးသွားတို့ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြသည့် နေရာ တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် အပင်၏ ထိပ်ပိုင်းတစ်ခုလုံးတွင် ကြီးမားသော နှင်းခဲများ ဖုံးအုပ်လာသဖြင့် ခုတ်လှဲခဲ့ရသည်။ ယင်း အချိန်တွင် ထိုသစ်နီပင်၏ သက်တမ်းကို နှစ် ၂၃၀၀ ဟု ခန့်မှန်းခဲ့ကြသည်။
၈။ ဘိုဘက် အပင်များ(Baobab)
မျိုးတုန်းလုနီးပါးဖြစ်နေသည့် ဘိုဘက်ဟု ခေါ်ဆိုသည့် အပင်များကို မာဒါဂါစကာနိုင်ငံ တွင်သာ ထူးခြားစွာ တွေ့မြင် ကြ ရသည်။ထိုအပင်များ၏ သက်တမ်းသည် နှစ် တစ်ထောင်ခန့်ဖြစ်သည်။အပင်အများစုသည် မီတာ ၈၀ ခန့် မြင့်ကြပြီး ပင်စည် လုံးပတ်သည် ၂၅ မီတာခန့်ရှိသည်။ဖောင်းကားနေသော ပင်စည်များသည် အပင်များ ရှင်သန်မှုအတွက် လိုအပ်သော ရေ ဓာတ်ကို မိုးခေါင်ရေရှား ကာလများမှာပင် ဖြည့်ဆည်းပေးနိုင်ကြသည်။ ဘိုဘက်ပင်များ အပွင့်ပွင့်ချိန်တွင် အပွင့်များသည် ၂၄ နာရီမျှသာ ခံကြသည်။ ဘိုဘက်ပန်းပွင့်များကို မာဒါဂါစကာ နိုင်ငံသုံး ၁၀၀ ဖရန့် ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ထားသည်။
၇။ ပိုးခြည် ပင်(Silk Cotton)
ပိုးခြည် အပင်ဟု ခေါ်ဆိုကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကမ္ဘာကျော် သစ်ပင်ကြီးသည် ပိုးခြည်မျှင်နှင့် ပတ်သက်ခြင်း မရှိပါချေ။အလွန် ထူးခြားသည့် ထိုအပင်ကြီးကို မြင်ရသူတိုင်း အမှန်ပင် အံ့သြကြရသည်။အရှေ့တောင်အာရှဒေသ သို့ခရီး ထွက်ကြသူအများစု သွားရောက်ကြည့်ရှုလေ့ရှိသည့် ထို သစ်ပင်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ တာပရိုမ်(Ta Prohm) ဘုရား ကျောင်းအတွင်းတည်ရှိနေသည့်အပြင် ဘုရားကျောင်း၏ အမှတ်လက္ခဏာ တစ်ခုအဖြစ် ထင်ရှားသည်။
ပိုးခြည်ပင်၏ ကြီးမား သော အမြစ်များသည် ရှေးဟောင်း ဘုရားကျောင်းတော် အဆောက်အအုံကို ရစ်ပတ်ထားသည့်အပြင် အပင်ကြီးသည် စိတ်ဝင်စားဖွယ် ကောင်း အောင်မြင့်မြင့်မားမား ရှိနေပေသည်။ ယင်းအပင်ကြီးသည် သဖန်းပင်မျိုးနွယ်အပင်တစ်မျိုးဖြစ်သည်။ထူးခြားစွာ ပေါက်ရောက်နေသည့် ထိုပိုးခြည်ပင်သည် ကမ္ဘာ့ ကုလသမဂ္ဂ၊ ယူနက်စ်ကို အဖွဲ့က ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ်သတ်မှတ်ထားသော ရှေးဟောင်း တာပရိုမ်(Ta Prohm) ဘုရား ကျောင်းနှင့် အတူ ထင်ရှားထူးခြားလှပေသည်။
၆။ ကယ်လ်လီဖိုးနီးယား သစ်နီပင် (Hyperion)
အမေရိကန် နိုင်ငံ၊ ကယ်လ်လီဖိုးနီးယားပြည်နယ်တွင်ပေါက်ရောက်သော သစ်နီပင်များသည် ကမ္ဘာပေါ်တွင် အမြင့် ဆုံး အပင်များဖြစ်ကြသည်။ယင်းတို့သည် အများအားဖြင့် သက်တမ်း နှစ် ၁၈၀၀ မှ ၂၀၀၀ အထိ ရှင်သန်နိုင်ကြပြီး ၁၁၅ ဒသမ ၅ မီတာ အထိမြင့်မားကာ လုံးပတ် ၉ မီတာ အထိရှိကြသည်။
ထို့ကြောင့် သစ်နီပင်တို့သည် လေဘာတီ ရုပ်ထုထက် တိုက် ငါးထပ်စာမျှ (ပေ ၇၅ နီးပါး) ပိုမြင့်သည်။ ယခုအခါတွင် အမေရိကန် နိုင်ငံရှိ သစ်နီပင်များ၏ ၉၅ ရာခိုင်နှုန်းခန့်သည် ခုတ်လှဲ ခံကြရပြီးဖြစ်ရာ ထိုဧရာမ သစ်ပင်ကြီးများကို ထိန်းသိမ်းရန် လိုအပ်လျက်ရှိနေပေသည်။
၅။ ပီဂျီဘေး ထန်းပင် (Pejibaye palm)
တောင့်တင်းသော အနက်ရောင် ဆူးချွန်များသည် အပင် ခြေရင်းမှသည် ထိပ်ဖျားတိုင်အောင် ပင်စည် ပတ်လည်တွင် အတန်းလိုက် ရှိနေသည့် ပီဂျီဘေး ဟုခေါ်သည့် ထန်းပင်မျိုးတို့၏ မူလရင်းမြစ်သည် အမေရိက ဗဟို နှင့် အလယ်ပိုင်းမှ ဖြစ် သော်လည်း ကော့စကာရီကာနှင့် နီကာရာဂွာနိုင်ငံများတွင် အများဆုံးတွေ့ရှိကြရသည်။
မီတာ ၂၀ အထိမြင့်မားကြပြီး အရွက် များသည် ၃ မီတာ အထိရှည်လျားကြသည်။ပီဂျီဘေးတို့၏ မူလနေရာ အမေရိကတွင် ပီဂျီဘေးပင်၏ အသီးများကို အချဉ် ဖောက်ကာ စားသုံးလေ့ရှိကြသည်။ဒေသခံများ၏ အဓိက စားစရာတစ်ခုလည်းဖြစ်ပေသည်။ ယနေ့အချိန်တွင် အချဉ်ဖောက် ထားသော ပီဂျီဘေးသီးများကို လူကြိုက်များလှပေသည်။
၄။ ပိုလန် သစ်ကွေး (Crooked Trees)
ပိုလန် နိုင်ငံ အနောက်ပိုင်း၊ဂရီဖီနို ဒေသ အနီးတွင် ပင်စည်များကွေးနေသော အပင် ၄၀၀ ခန့်ကို မြင်တွေ့နိုင်သည်။
ထိုအပင်များကွေးနေခြင်းအကြောင်းကို မည်သူမျှ အတိအကျ မသိရှိကြသော်လည်း အများစုက ထိုအပင်များအား စက်ကိရိ ယာ တစ်ခုခုဖြင့် ကွေးနေအောင်ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။အချို့ကလည်း ပရိဘောဂများ၊ သင်္ဘော အောက် ပိုင်း တံကူ များ၊လှည်း တံပိုးများ ပြုလုပ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
တစ်စုံတစ်ဦး သော ပုဂ္ဂိုလ်က ထိုအပင်များ စိုက်ပျိုးနေခဲ့ခြင်းဖြစ်ရာ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပွား လာခြင်းကြောင့် သူ၏ သစ်ကွေးပင်များ လုပ်ဆောင်နေမှု ရပ်တံ့သွားခဲ့၊ အဆုံးသပ်သွားခဲ့သည်ဟုလည်း ထင်မြင် ကြသည်။ယခုအခါ တွင်မူ ထိုသစ်ကွေးများသည် ထူးဆန်းအံ့ဖွယ် တစ်ခုအ ဖြစ် တည်ရှိနေပေသည်။
၃။ တောင်အာဖရိက ဘိုဘက် (Sunland boabab )
တောင်အာဖရိကနိုင်ငံ၊ လင်ပိုပိုပြည်နယ်တွင်ရှိနေသည့် ဘိုဘက်ပင် တစ်ပင်ကို ဘားဆိုင်တစ်ခုအဖြစ်ဖွင့်လှစ် ထား သည်။မိုဂျက်ဂျီစကလောဖ် အနီးတွင်ရှိသည့် ထိုဘက်ဘိုပင်သည် ၁၉၃၃ ခုနှစ် ကတည်းက သဘာဝအလျောက် အခေါင်း ပေါက်ကြီးတစ်ခုဖြစ်လာခဲ့သည်။ ထိုအခေါင်းပေါက်အတွင်းဝယ် လူ ၁၅ ယောက်သို့ မဟုတ် အယောက် ၂၁ ခန့် ထိုင်နိုင် သည့် အရက်ရောင်းသည့် ဘားအငယ်စားတစ်ခုကိုဖွင့်ထားသည်။
ထိုဘိုဘက်ပင်သည် တောင်အာဖရိကတွင် အမြင့်ဆုံး အပင် တစ်ပင်ဖြစ်၍ အာဖရိက တစ်တိုက်လုံးတွင် ပင်စည် အကြီးဆုံးသစ်ပင် လည်းဖြစ်ပေသည်။လုံးပတ် ၄၇ မီတာရှိပြီး အမြင့်မှာ မီတာ ၈၀ ဖြစ်သည်။လွန်ခဲ့သော နှစ် ၆၀၀၀ က ပေါက်ရောက်ခဲ့သည့် အပင်တစ်ပင် ဖြစ်ကြောင်း ခန့်မှန်းကြသဖြင့် ကမ္ဘာ့ အသက် အကြီးဆုံးအပင်တစ်ပင်လည်းဖြစ်ပေသည်။
၂။ ဘာမိစ် ထင်းရှူး(The Burmis tree)
ဘာမီစ် ထင်းရှူးပင် သည် ကနေဒါနိုင်ငံ၊အယ်လ်ဘာတာ အနီးတွင် ရှိနေပြီး ၁၉၇၀ ခုနှစ်ကတည်းက သေဆုံးနေ သော အပင် တစ်ပင်ဖြစ်သည်။သို့သော်လည်းဘာမီစ်သည် ယနေ့တိုင် သေဆုံးသည့် သွင်ပြင်မရှိဘဲ မြေပြင်ပေါ်တွင် ရပ် တည်လျက်ရှိနေသည်။ဘာမီစ် ထင်းရှူးပင် သေခဲ့ချိန်တွင် အပင်၏ သက်တမ်းကို နှစ် ၆၀၀ မှ ၇၅၀ အတွင်းဟု ခန့်မှန်း ခဲ့ကြ သည်။၁၉၉၈ ခုနှစ် တွင် ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် ဘာမီစ် အပင်ကြီးသည် မြေပြင်ပေါ်သို့ လဲကျခဲ့သော် လည်း ဒေသခံများက ပြန်လည် ထောင်မတ်ခဲ့ကြသည်။
ထိုသို့ ထောင်မတ်ထားပြီး မကြာမီ လူတစ်ယောက်က ဘာမီစ်၏ အကိုင်း တစ်ကိုင်းကို ချိုးဖဲ့သွားခဲ့သဖြင့် ဒေသခံ များက ကျိုးသွားသော အကိုင်းကို ပြန်ဆက်ကာ ဘာမီစ်ပင် သက်တမ်းကြာရှည်ရေးအတွက် စောင့်ရှောက်မှုပြုခဲ့သည်။ ဘာမီစ်ပင်ကြီးသည် ဤ ကမ္ဘာပေါ်တွင် ဓာတ်ပုံရိုက်ကူးခြင်း အခံရဆုံး သစ်ပင်များထဲတွင် တစ်ပင် အပါအဝင်ဖြစ်ပေသည်။
၁။ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ကန္တာရပင်
ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေး၊သိပ္ပံနှင့်ယဉ်ကျေမှု အဖွဲ့(UNESCO) က ဘာရိန်းနိုင်ငံမှ ကန္တာရအတွင်း ပေါက် နေသည့် အပင်ကြီးတစ်ပင်ကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် နေရာအဖြစ် သတ်မှတ်ပေးခဲ့သည်။ ထိုအပင်သည် ခန့်မှန်းခြေ သက်တမ်း နှစ် ၄၀၀ ကျော်ပြီဖြစ်ကာ ၉ ဒသမ ၇၅ မီတာခန့်မြင့်သည်။ဘာရိန်းနိုင်ငံ၏ သဲကန္တာရအတွင်း ရှိနေကာ ထိုအပင်၏ လေးမိုင်ပတ်လည်တွင် မည်သည့် အပင်မျှ မပေါက်ရောက်နိုင်ကြပါချေ။ မြေအောက် ရေကြော လုံး၀ မရှိသည့် ထိုနေရာတွင် တစ်ပင်တည်း ထူးခြားစွာပေါက်ရောက်ရှင်သန်နေသဖြင့်အံ့ဖွယ် သစ်ပင် တစ်ပင်ဖြစ် လာရ ပေသည်။
သို့သော်လည်း အပင်၏ ရေသောက်မြစ်များက ကန္တာရ အောက်ခြေ ၊ ရေရှိသည့် နေရာအထိ ထိုးဝင် နေနိုင် ကြောင်းလည်း ယူဆကြသည်။ထိုအပင်အား အင်တာနက် (Google Earth) တွင်ရှာဖွေ ကြည့်ရှုနိုင်သည်။ကမ္ဘာအနှံ့မှ ခရီး သွား ငါးသောင်း ခန့်သည် ထိုအပင်ကြီးအား နှစ်စဉ်လာရောက်ကြည့်ရှုလေ့ရှိကြသည်။
ဒေသခံများကမူ ထိုအပင်ကြီး ပေါက် ရောက်နေသည့် နေရာသည် အေဒင် ဥယျာဉ်ရှိခဲ့သည့် နေရာဟု ယုံကြည်ထားကြသည်။ လူသားတို့ နေထိုင်ရာ ဤ ကမ္ဘာသည် ဆန်းကြယ်မှုများစွာ ရှိနေသည်ဖြစ်ရာ ထူးထူးခြားခြား ပေါက်ရောက်နေသည့် သစ်ပင်များသည်လည်း လူသားတို့ စိတ်ဝင်စားစရာ၊ သုတေသန ပြုဖွယ်ရာများ ဖြစ်လာကြရပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
Discussion about this post