ကမ္ဘာတစ်လွှားက စိတ်ဝင်စားစရာ ဓာတ်ပုံများ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်လာခဲ့တာ အပိုင်း ၆ ခုရှိပါပြီ။ ဒီတစ်ခါတော့ အပိုင်း ၇ ပါ။ အရင်ကတော့ စိတ်ဝင်စားဖွယ် ၊ အထူးအဆန်း ၊ သမိုင်းမှတ်တမ်း ၊ လူသိနည်းတဲ့ ပုံရိပ်တွေကို စုစည်းတင်ပေးခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ကမ္ဘာ့သမိုင်းမှတ်တမ်း ပုံရိပ်အချို့နဲ့ အကြောင်းရာလေးတွေကို သုတဇုန် မိတ်ဆွေများအတွက် ရှာဖွေစုစည်း ဝေမျှလိုက်ပါတယ်။
ဒီမျောက်ကလေးကတော့ Little Nap လို့ခေါ်ပါတယ်။ သူဟာ ဆပ်ကပ်အဖွဲ့က ချင်ပန်ဇီလေးတစ်ကောင်ဖြစ်ပြီး သူဟာ နပိုလီယန်(Napoleon of the Chimpanzee World) ဆိုတဲ့ အမည်ပြောင်နဲ့ ၁၉၁၅ခုနှစ် တစ်ဝိုက်မှာ လူသိများခဲ့ပါတယ်။ သူ့ရဲ့လူကြိုက်များတဲ့ပြကွက်ကတော့ စစ်ဘုရင်နပိုလီယန်လို ဝတ်ဆင်ကာ ခွေးလေးနှစ်ကောင်ကို မြင်းတွေသဖွယ် ဟန်ပါပါနဲ့ စီးပြတဲ့ ပြကွက်ဖြစ်ပြီး ကြည့်တဲ့သူတိုင်း သဘောကျကြပါတယ်။
ဒီပုံကတော့ သမိုင်းဝင်ဓာတ်ပုံ တစ်ပုံဖြစ်ပါတယ်။ ၁၉၁၂ခုနှစ် တိုက်တန်းနစ်သင်္ဘောကြီးနစ်မြုပ်တဲ့အခါ လူပေါင်း ၁၅၀၀ခန့် သေဆုံးခဲ့ပြီး ၇၀၀ ခန့် လွှတ်မြောက်အသက်ရှင်ခဲ့ပါတယ်။ ဒီဓာတ်ပုံမှာ မြင်ရတဲ့ လှေငယ်လေးတွေပေါ်ကသူတွေဟာ အဲဒီလွတ်မြောက်လာတဲ့ ၇၀၀ထဲက သူအချို့ဖြစ်ပြီး သူတို့ကို ကယ်ဆယ်ခဲ့တဲ့ Carpathia သင်္ဘောကြီးပေါ်ကို တက်မယ့် အခိုက်အတန့်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။
ဒီဓာတ်ပုံကတော့ ယနေ့ ကမ္ဘာ့အံ့ဖွယ် ၇ခုထဲက တစ်ခုဖြစ်တဲ့ မာချူးပီချူးရဲ့ ပုံပါ။ အင်ကာအင်ပါယာ ရဲ့ ဒီအထင်ကရနယ်မြေကို ၁၉၁၂ခုနှစ်မှာ ပြန်ရှာတွေ့ရှိစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
ရေခဲသွားရှာတဲ့ နိုင်အာဂါရာရေတံခွန် ၊ ၁၉၁၁ခုနှစ်
ဒီဓာတ်ပုံကတော့ အားလုံးသိကြတဲ့အတိုင်း သူဌေးကြီး ဘီဂိတ်စ်ရဲ့ ဓာတ်ပုံပါ။ အဲဒီတုန်းက သူဟာ အသက် ၂၁နှစ် အရွယ်သာရှိသေးပြီး သူ့ရဲ့ပေါ်ရှေးကားကို လိုင်စင်မပါပဲ အမြန်မောင်းမှုနဲ့ အဖမ်းခံခဲ့ရတာပါ။ အဲဒီအတွက် ဒါဏ်ငွေ ၁ထောင်ဆောင်ခဲ့ရပါတယ်။ ဒီဓာတ်ပုံကိုတော့ ၁၉၇၅ခုနှစ်မှာ နယူးမက္ကဆီကို ရဲအဖွဲ့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ ၁ပုံ ဘုရင် ၉ပါး
ဒီဓာတ်ပုံမှာတော့ ဘုရင် ၉ပါး ကို တစ်စုတစည်းတည်းမြင်ရမှာဖြစ်ပါတယ်။ ဗြိတိန်ရဲ့ သတ္တမမြောက် အက်ဒဝပ်ဘုရင်ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ နော်ဝေး ၊ ဘူဂေးရီးယား ၊ ပေါ်တူဂီ ၊ ဂျာမနီ ၊ ဂရိ ၊ ဘယ်လ်ဂျီယံ ၊ စပိန် ၊ ဂရိတ်ဗြိတိန် နဲ့ ဒိန်းမတ် တို့က ဘုရင် ၉ယောက်ဖြစ်ပါတယ်။
အရှားပါးဆုံး ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ ၁၉၆၉ခုနှစ် မှာ ‘လ’ ပေါ်ကို လူသားတို့ရောက်ရှိခဲ့တဲ့ အပိုလို ၁၁ ခရီးစဉ်အတွင်းမှာ လိုက်ပါခဲ့တဲ အမေရိကန် အာကာသယာဉ်မှူး Michael Collins ရိုက်ယူခဲ့တဲ့ လမျက်နှာပြင် နဲ့ ကမ္ဘာရဲ့ပုံရိပ်ဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ဟစ်တလာ စင်ပေါ်ကနေ စကားပြောတဲ့ ဓာတ်ပုံတွေမှာ အမူအရာ မာန်အပြည့်နဲ့ ပြောလေ့ရှိပါတယ်။ ဒီလိုပြောနိုင်ဖို့ အတွက် သူဟာ မပြောခင်ကတည်းက သူ့အခန်းထဲက မှန်ရှေ့မှာအကြိမ်ကြိမ်လေ့ကျင့်ခဲ့ပါတယ်။ ဒီဓာတ်ပုံကတော့ ဒီလို လေ့ကျင့်နေစဉ် ၁၉၂၅ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။
ဒီပုံကတော့ အားလုံးသိကြတဲ့ ဂန္တဝင် တော်လှန်ရေးသမား ဆရာဝန် ချီ နဲ့ ကျူးဘားခေါင်းဆောင် ကတ်စထရို တို့ ငါးဖမ်းလှေပေါ်မှာ ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။
ဒီပုံကတော့ အီဂျစ်သမိုင်းရဲ့ အကျော်ကြားဆုံးဘုရင်လေးဖြစ်တဲ့ ဘုရင်လေး တူတန်ခမန်ရဲ့ သင်္ချိုင်းဂူကို ရှာဖွေတွေ့ရှိစဉ် သင်္ချိုင်းဂူရဲ့တံခါးကို ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့ တံခါးကိုပိတ်ထားတဲ့ကြိုး ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၃၂၄၅နှစ် ရှိနေပြီဖြစ်ပါတယ်။
ဒါကတော့ ယနေ့ ကမ္ဘာကျော် အဆောက်အအုံတစ်ခုဖြစ်တဲ့ ပြင်သစ်က အီဖယ်တာဝါကြီးကို အလုပ်သမားများ ဆေးသုတ်နေကြတဲ့ ပုံရိပ်ဖြစ်ပါတယ်။ ၁၉၃၂ခုနှစ်က ရိုက်ကူးခဲ့တာပါ။
ဒါကတော့ ချီကာဂိုက Model T အမျိုးအစား စက်လှေကား ကားဂိုထောင်(Elevator Garage) တစ်ခုရဲ့ပုံဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ယနေ့မှာတော့ အလွန်ခေတ်စားနေပြီဖြစ်ပေမယ့် ဒီဓာတ်ပုံကတော့ ၁၉၃၆ခုနှစ်ကတည်းက ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်တဲ့အတွက် အဲဒီအချိန်တည်းက အမေရိကန်တွေဟာ စက်မူပညာမှာ အတော်တိုးတက်နေပြီဆိုတာ သိနိုင်ပါတယ်။
လူငယ် ၅ယောက်ရဲ့ ပုံရိပ်ပါ။ ဒီအထဲမှာ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး ရှုတည်တည်နဲ့ ကြည့်နေတဲ့လူငယ်ကတော့ ယနေ့ ရုရှားရဲ့ခေါင်းဆောင်ကြီး ဗလာဒီမာပူတင် ဖြစ်ပါတယ်။
အီဖယ်မျှော်စင်ကြီးကို စတင်တည်ဆောက်စဉ် တပိုင်းတစပုံရိပ်ဖြစ်ပြီး ဒီဓာတ်ပုံကိုတော့ ၁၈၈၀ပြည့်နှစ်က ရိုက်ကူးခဲ့တာပါ။
ဗြိတိန်ဘုရင်မကြီး အဲလီဇဘက်ရဲ့ လက်ထပ်ကိတ်ဖြစ်ပြီး ၁၉၄၇ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီကတ်ဟာ ၉ပေမြင့်ပြီး ပေါင် ၅၀၀ အလေးချိန်ရှိပါတယ်။
နာဇီတို့ရဲ့ အော့ဇဝစ်အကျဉ်းစခန်းအတွင်း ဓာတ်ငွေ့ခန်းနံရံတစ်ခုရဲ့ပုံရိပ်ပါ။ ဒီအထဲမှာ ဓာတ်ငွေ့လွှတ်ပြီး အသတ်ခံခဲ့ရတဲ့လူတွေရဲ့ နာကျင်မှုကို မသေခင်နံရံပေါ်မှာ ကုတ်ခြစ်ထားတဲ့အရာတွေကိုကြည့်ပြီး သိနိုင်ပါတယ်။
သူ့နာမည်ကတော့ Walter Yeo လို့ခေါ်ပါတယ်။ သူဟာ အင်္ဂလိပ်သင်္ဘောသားတစ်ယောက်ဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း သေနတ်နဲ့ အပြစ်ခံရတာကြောင့် မျက်နှာပျက်စီးခဲ့ပါတယ်။ သူဟာ ၁၉၁၇ခုနှစ်မှာ ပထမဆုံး ပလတ်စတစ် ဆာဂျရီနည်းပညာနဲ့ မျက်နှာအရေပြားအစားထိုးမှု အောင်မြင်သူ ဖြစ်လာခဲ့ပါတယ်။
ဒီပုံကတော့ အနောက်တိုင်းဝတ်စုံကို ဝတ် ဦးထုပ်ဆောင်းကာ တုတ်ထောက်တစ်ချောင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဟာသမင်းသားကြီး ချာလီချက်ပလင်ရဲ့ ငယ်ငယ်က ပုံနဲ့ အသက်ကြီးတဲ့အခါပုံကို ယှဉ်ပြထားတာဖြစ်ပါတယ်။
ဒီပုံကတော့ ကမ္ဘာကျော် ရုပဗေဒပညာရှင်ကြီး အိုင်းစတိုင်း ငယ်စဉ်က ရုံးဝန်ထမ်းလုပ်ခဲ့စဉ် သူငယ်ချင်းများနဲ့ ရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ နာမည်ကျော် Hoover ဆည်ရဲ့ ပိုက်တစ်ခုဖြစ်ပါတယ်။ ဒီဧရာမပိုက်ကွင်းတွေကို ဆက်ပြီး ရေပိုက်တွေအဖြစ်သုံးတဲ့ ဆည်ကြီးရဲ့ပမာဏ ဘယ်လောက်ကြီးတယ်ဆိုတာ ကို ခန့်မှန်းကြည့်ပါ။
အမေရိကန်ရဲ့ လူမြင်ကွင်းမှာ နောက်ဆုံးကြိုးဒါဏ်ပေးခဲ့တဲ့ပုံရိပ်ဖြစ်ပြီး ၁၉၃၆ခုနှစ်မှာ ရိုက်ကူးထားတဲ့ပုံရိပ်ပါ။
ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ နာဇီတပ်စုတစ်စုကို ၁၉၃၆ခုနှစ် ရဲ့ ညသန်းခေါင်မှာ မြင်ရစဉ်
ပုံကိုကြည့်ပြီး တင့်ကားကြီးတောင် မနိုင်တဲ့ ဒီလူ ၄ယောက် သန်လှချည်လားလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့်တင်ကား အစစ်မဟုတ်ပါဘူး။ လေမှုတ်သွင်းထားတဲ့ တင့်ကားပုံ ပူပေါင်းတစ်ခုသာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တွေဟာ သူတို့ရဲ့အင်အားကို ရန်သူတွေက ပိုကြီးတယ်ထင်အောင် ဒီလို အတုအယောင်တွေကို အင်အားပြတဲ့အနေနဲ့ သုံးခဲ့တာဖြစ်ပါတယ်။
၂၂ကြိမ်မြောက် အိုလံပစ်အားကစားပွဲတော်ကို မော်စကိုမှာ ဖွင့်လှစ်စဉ် ၊ ၁၉၈၀ခုနှစ်
၁၈၇၀ခုနှစ်မှာ မြင်ရတဲ့ အီဂျစ်ပိရမစ်များရဲ့ ပုံရိပ်
ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်စစ်သားတွေရဲ့ အိမ်အပြန်
၁၉၀၀ ပြည့်နှစ်က မြင်ရတဲ့ ဂရိတ်ဝေါ တံတိုင်းကြီး
နာဇီတို့ကို တုန်လှုပ်စေခဲ့သော ဆိုဗီယက်ရဲ့ ညဉ့်စုန်းမ အမည်ရ အမျိုးသမီးလေယာဉ်မှူးများ
နာဂါစကီ အနျူမြူဗုံးကြောင့် ဖြစ်ပေါ်လာသော တိမ်တိုက်ကြီး ၊ ၁၉၄၅ခုနှစ်
အမေရိကန် နာမည်ကြီးမင်းသား James Dean ကို သူ့ရဲ့နာမည်ကျော် ကျိန်စာသင့်ကားနှင့် အတူ နောက်ဆုံးမြင်ရစဉ် ၊
အိုင်းစတိုင်း နဲ့ ချာလီချက်ပလင်တို့ တွေ့ဆုံစဉ် ၊ ၁၉၃၀
ချာလီချက်ပလင်က အိုင်းစတိုင်းကိုပြောတယ်-
ကျွန်တော့်ကျတော့ လူတွေက နားလည်လို့ သဘောကျကြတယ်..
ခင်ဗျားကျတော့ လူတွေက နားမလည်လို့ သဘောကျကြတယ်တဲ့။
ကမ္ဘာကျော် ဂိုးဒင်းဂိတ်တံတားကြီးကို တည်ဆောက်နေစဉ် ၊ ၁၉၃၇ခုနှစ်
Discussion about this post