ဒုတိယကမ္ဘာစစ်ကြီးကို ဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့၏ဘုံရန်သူ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံရန်သူ၊ နာဇီပါတီဝင်တို့၏ ဖခင်ကြီး ခေတ်သစ်ဂျာမနီပြည်ကြီး၏ ခေါင်းဆောင်ကြီး၊ တစ်ကမ္ဘာလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော အာဏာရှင်ဟု အမျိုးမျိုး မှတ်တမ်းတင်ခဲ့ရသော ပုဂ္ဂိုလ်ကြီး ဟစ်တလာ၏ နာမည်အပြည့်အစုံမှာ “အားဒေါလ်ဖ် ဟစ်တလာ” (Adolf Hitler) ဖြစ်သည်။
ဟစ်တလာကို ဩစတြီးယားပြည်နှင့် ဘာဗေးရီးယား ပြည်နယ်စပ်ရှိ အင်းမြစ်နံဘေး ဘရောနှောမြို့ကလေးတွင် ဖခင် အလွိုက်ဟစ်တလာနှင့် မိခင် ကလာရာပေါဇ်လ်တို့မှ ၁၈၈၉ခုနှစ်၊ ဧပြီလ ၂ဝ ရက်၊ ညနေ၌ မွေးဖွားခဲ့ပါသည်။ အမျိုးအနွယ်မှာ မထင်မရှားမျှသာ ဆို။ ဟစ်တလာ၏ဖခင်မှာ လုပ်ငန်းများ အတည်တကျမရှိသဖြင့် အမြို့မြို့အနယ်နယ် ပြောင်းရွှေ့ရင်း လိုက်ပါနေထိုင်ခဲ့ကြရသည်။ ရောက်ရာအရပ်တွင် ဟစ်တလာမှာ မူလတန်းပညာကို သင်ယူခဲ့ရသည်။
၁၉ဝဝ ပြည်နှစ်တွင် လင့်ဇ်မြို့မှ ရီးရဲအလယ်တန်းကျောင်းတွင် အလယ်တန်းပညာကို ဆက်လက်သင်ကြားခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် ဟစ်တလာ၏ဖခင် အလွိုက်ကွယ်လွန်သွားခဲ့သည်။ ထို့နောက် ဟစ်တလာမှာ ကျောင်းနေခွင့်မရတော့။ ဘဝရပ်တည်ရေးကို ခက်ခဲပင်ပန်းစွာ ရပ်တည်ခဲ့ရသည်ဆို၏။ ထိုမှတဖန် မိခင်ဖြစ်သူအလိုကျ ကက်သလစ်ဘာသာဝင်အဖြစ် ခံယူခဲ့ရပြီး စတီးယားကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့ပြန်ပြီး အသက် ၁၆ နှစ်တွင် ကျောင်းထွက်ခဲ့ရသည်။
ဟစ်တလာသည် ပန်းချီအနုပညာကို ဝါသနာပါခဲ့ပြီး အသက်ကြီးလျှင် ပန်းချီဆရာအဖြစ် အသက်မွေးမည်ဟုပင် ဆုံး ဖြတ်ခဲ့ဖူးသည်ဆို၏။ မိဘများက အစိုးရအလုပ်ကို လုပ်စေချင်ခဲ့ သည်ဆို၏။ ဟစ်တလာမှာ ကျောင်းစာလည်းညံ့ခဲ့သည်။ ကျောင်း ထွက်လက်မှတ်ကို မရရှိခဲ့။ ၁၉ဝ၅ ခုနှစ်တွင် ကျောင်းမှထွက်ခဲ့ သည်။ ပုံများ၊ ပန်းချီများကို အချိန်ပြည့်ဆွဲကာ အချိန်လွန်ခဲ့သည် ဆို၏။ ဟစ်တလာသည် ၁၉ဝ၆ ခုနှစ်တွင် ဗီယင်နာမြို့သို့ အလည်အပတ် ရောက်သွားခဲ့သည်။ ဗီယင်နာမြို့မှာ အနုပညာ ထွန်းကားသော မြို့ကြီးဖြစ်သောကြောင့် သူအလွန်ပျော်ခဲ့သည် ဆို၏။ ထိုမြို့ကြီး၏ ကြီးကျယ်ခမ်းနားမှု အနုပညာများကသူ့ကို ပန်းချီဆရာဖြစ်ချင်စိတ်ကို ပို၍ တွန်းပို့ခဲ့သည်ဆို၏။
ထို့ကြောင့် သူ့မိခင်ကြီး တားဆီးနေသည့်ကြားမှ ၁၉ဝ၇ ခုနှစ်တွင် လင်ဇ်မြို့ကလေးကိုစွန့်ခွာ၍ ဗီယင်နာမြို့သို့ ထွက်ခွာခဲ့သည်။ သို့သော် သူသည် အနုပညာသိပ္ပံကျောင်းကြီးကို ဝင်ခွင့်မရ။ အရည်အချင်း မမီ၊ သူ စိတ်မလျှော့ဘဲ ဆက်လက် ကြိုးစားနေစဉ်မှာပင် သူ့ မိခင်ကြီး ကွယ်လွန်ခဲ့၍ လင့်ဇ်မြို့သို့ ပြန်ခဲ့ရသည်။ ၁၉ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီယင်နာမြို့သို့ ပြန်ရောက်ရှိခဲ့ပြီး အနုပညာသိပ္ပံကျောင်းကြီးတွင် နေခွင့်ရရန် ကြိုးစား ပြန်၏။ သို့သော် မရခဲ့။ ဟစ်တလာသည် စိတ်ပျက်လက်ပျက်နှင့် ၅ နှစ်လုံးလုံး ဖြစ်သလိုနေ ဖြစ်သလိုစား မထင်မရှားနေခဲ့ရသည်။ ဗီယင်နာမြို့ကြီးတွင် သူ့ဘဝသည် ကူကယ်ရာမဲ့နှင့် ၁၉ဝ၉ ခုနှစ်မှ ၁၉၁၃ ခုနှစ်ထိ ပခုံးထမ်းအလုပ်ကြမ်းသမား၊ အပေါစား ပန်းချီဆရာအဖြစ်မျိုးနှင့် နေထိုင်ခဲ့ရသည်ဆို၏။
ငွေရှင်သူဌေးကြီးများ၏ ကုသိုလ်ဖြစ် ဟိုတယ်များတွင် နေထိုင်ခဲ့ရ၏။ အမြဲတမ်း ငတ်မွတ်စုတ်ပြတ်နေသည့် ကာလများဟု ဟစ်တလာကိုယ်တိုင် ရေးသားခဲ့၏။ ဟစ်တလာ ပန်းချီဆွဲသည့်ကားများတွင် ‘အေ ဟစ်တလာ’ဟု လက်မှတ်ထိုးလေ့ရှိ၏။ အဒေါ့ဖ်စ်ဟစ်တလာ အတိုကောက်အမည်ဟူ၏။ ထိုမှဟစ်တလာ ၏ဘဝအချိုးအကွေ့များသည် ဘဝပေးအသိများအရ နိုင်ငံရေး သမားတစ်ယောက်အဖြစ်သို့ တဖြည်းဖြည်း ဦးတည်လာခဲ့သည် ဆို၏။
ဟစ်တလာသည် စာများကို ပိုဖတ်ဖြစ်လာ၏။ ပို၍ တွေးတောဆင်ခြင်နိုင်လာ၏။ သတင်းစာများကို ပို၍ ဖတ်ရှုလာ ၏။ စကားကို လူအများ စိတ်ဝင်စားလာအောင် ကျယ်လောင် ကျယ်လောင် ပြောလေတော့၏။ ဘီယာဆိုင်များတွင် လက်ဖက်ရည်ဆိုင်များတွင် ပို၍ ပြောခဲ့သည်ဆို၏။ နိုင်ငံရေးစကားများ ပို၍ပြောရင်း ရန်ဖြစ်သည်၊ ပြန်လည်ချေပသည်၊ လက်သီးလက်မောင်းတန်းရင်း ဂျူးများ၊ ဘုန်းကြီးများ၊ ဆိုရှယ်လစ်များ၊ ဘုရင့်ဆွေတော်မျိုးတော်များကို မုန်းတီးကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်ဆို၏။
ဟစ်တလာသည် ထိုအချိန်များမှာပင် စိတ်ကြီးဝင်နေခဲ့ပြီဆိုကြ၏။ သူ့ကိုယ်သူ အလွန်မြင့်မြတ်သူဟု ထင်နေခဲ့ပြီ ။ ဘဝင်မြင့်နေ၏။ သူ့ကိုယ်သူနှင့် အနီးမှလူများကို ဂျာမန်အမျိုးအနွယ်များသည် မြင့်မြတ်သော မဟာမျိုး မဟာနွယ် များဖြစ်သည်။ ထို့ကြောင့် မိမိတို့လူမျိုးမှသာ နိုင်ငံရေး၊ ယဉ်ကျေး မှု ပို၍ မြင့်မားသည်၊ ပို၍ကြွယ်ဝသည်။ ထို့ကြောင့် ‘မဟာဂျာမနီ နိုင်ငံတော်ကြီး’ကို ထူထောင်ကြရမည်ဟူသော အတွေးနှင့်စကားမျိုးကို ပြောဆိုခဲ့သည်ဆို၏။
၁၉၁၃ ခုနှစ်တွင် ဗီယင်နာမြို့မှ ဟစ်တလာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး စစ်ထဲမဝင်မနေရအမိန့်ကိုဖီဆန်၍ ရှောင်ထွက်သွားခဲ့သည်ဆို၏။ ထိုမှ မြူးနစ်မြို့သို့ ရောက်သွားခဲ့သည် ဆို၏။ မြူးနစ်တွင်လည်း ဘီယာဆိုင်တွင် ဟစ်တလာသည်နိုင်ငံ ရေးစကားများကိုသာ ကြီးကြီးကျယ်ကျယ် ပြောဆိုနေခဲ့ပြန်သည်။ သို့သော် ဟစ်တလာ ကံကြမ္မာအလှည့်အပြောင်းဖြစ်စေရန် ကမ္ဘာကြီးတွင် စစ်မီးကြီးလောင်ခဲ့သဖြင့် လူအများက နိုင်ငံရေးကို စိတ်ဝင်စားချိန် ကာလကြီးပင်တည်း။
၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဟစ်တလာဘဝ အထူးပြောင်းလဲစေခဲ့သော မြူးနစ်မြို့၊ အိုဒီအုံ ပလာဇာကွင်းပြင် ကြီး၏ လူထုတရားပွဲမှ စတင်ခဲ့လေသည်။ ဂျာမန်မှ ရုရှားပြည် ကြီးကို စစ်ကြေညာခဲ့ခြင်း၊ ဂျာမန်အမျိုးသားတိုင်း စစ်ထဲဝင်ကြရသလို ဟစ်တလာလည်း စစ်မှုထမ်းစစ်သား ဖြစ်ခဲ့လေ၏။ မထင်မရှား စစ်သားလေးဘဝ၊ စစ်တပ်ထဲတွင် ဆက်သားတာဝန်၊ ၁၉၁၅-၁၉၁၆ ခုနှစ်တွင် ခြေထောက်တွင် သေနတ်မှတ် ဒဏ်ရာရခဲ့၊ ၁၉၁၇ ခုနှစ်တွင် တပ်ကြပ်ကလေးဘဝ၊ တပ်သားကျော် ဆုတံဆိပ် ရရှိခဲ့သည်။
စစ်မြေပြင်တွင် သူတစ်ယောက်တည်းမှ ပြင်သစ်စစ်သား ၁၅ ယောက်ကို လက်ရဖမ်းဆီးခဲ့ကြောင့် ဟူ၏။ ၁၉၁၈ ခုနှစ် တိုက်ပွဲတစ်ခုတွင် ဟစ်တလာသည် ဓာတ်ငွေ့မိပြီး သတိလစ်သွားသဖြင့် စစ်ဆေးရုံသို့ ပို့ပေးခဲ့ကြရသည်။ မျက်စိများ ယာယီ ကန်းသွားကာ ကိုယ်တစ်ပိုင်းလည်း သေသွားခဲ့သေးသည် ဆို၏။ မကြာခင် ပျောက်ကင်းခဲ့လေ၏။ ထိုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ပြီးခဲ့လေ၏။ ဂျာမနီတို့ စစ်ရှုံးခဲ့လေ၏။ ဟစ်တလာတို့ ငိုခဲ့ရလေ၏။
ထိုအချိန်မှစ၍ ဟစ်တလာသည် နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ခဲ့သည်ဆို၏။ ၁၉၁၉ နှစ်အထိ စစ်တပ်ထဲတွင်နေခဲ့၍ ၁၉၁၉ ခုနှစ် ဇန်နဝါရီလတွင်မြူးနစ်မြို့သို့ ပြန်လာခဲ့သည်။ ထိုကာလတွင် ဂျာမနီနိုင်ငံရေးမှာ အလွန်ရှုပ်ထွေးနေလေ၏။ နေ့စဉ်တရားပွဲများ၊ ဆန္ဒပြပွဲများ၊ ဆူပူမှုများမပြတ် ရှိနေခဲ့သည့် ကာလများလည်း ဖြစ်သည်။ ထိုကာလတွင် မြူးနစ်မြို့ဆိုင်ရာ ခရိုင်စစ်ဌာနချုပ် လက် အောက်ရှိ နိုင်ငံရေးဌာနတွင် ပုံနှိပ်လုပ်ငန်းနှင့် သတင်းဖြန့်ချိရေး ဌာနတွင် ဟစ်တလာ အလုပ်လုပ်ခဲ့ရသည်။ ထိုမှ နိုင်ငံရေး နည်းပြသင်တန်းတက်ခဲ့ရပြီး နိုင်ငံရေးနည်းပြအရာရှိ ဖြစ်လာခဲ့သည်။ ထိုမှ ဂျာမန်အလုပ်သမားပါတီနှင့် စစ်တပ်အကြား ညှိနှိုင်းရသော အရာရှိအဖြစ် စေလွှတ်ခြင်းခံရသည်။ ထိုမှ ဂျာမန် အလုပ်သမားပါတီသို့ ခြေစုံပစ်ဝင်ခဲ့ပြန်သည်ဆို၏။ ထိုပါတီတွင် ဟစ်တလာသည် ဝါဒဖြန့်ချိရေးတာဝန်ခံ ဖြစ်ခဲ့လေ၏။
၁၉၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပထမ ဦးဆုံးသော လူထုတရားပွဲကြီးကို ဂျာမန် အလုပ်သမားပါတီမှ ဦးဆောင်ကျင်းပခဲ့ရာ ပရိသတ်နှစ်ထောင်နီးပါးမျှ တက်ရောက်ခဲ့ သည်ဆို၏။ ထိုပွဲတွင် ဟစ်တလာ၏အမည်လည်း စတင် ကျော် ကြားခဲ့လေ၏။ ‘ဂျာမန်အလုပ်သမားပါတီကိုလည်း အမျိုးသား ဆိုရှယ်လစ် ဂျာမန်အလုပ်သမားပါတီ’ ဟူ၍ အမည်ပြောင်းခဲ့လေ ၏။ ထိုပါတီ၏ အတိုကောက်နာမည်မှာ ‘နာဇီ’ပါတီ ဟူ၏။ ဥက္ကဋ္ဌကြီးမှာဟားရားဖြစ်ပြီး မကြာခင်မှာပင် ဟစ်တလာနှင့် သဘောမတိုက်ဆိုင်၍ နှုတ်ထွက်သွားခဲ့သည်။ ထိုကာလတွင် ဟစ်တလာ၏စည်းရုံးမှုကြောင့် ပါတီဝင်အင်အား ပို၍ပို၍ များ လာခဲ့၏။ မြူးနစ်မြို့ခရိုင် စစ်ဌာနချုပ်မှ စစ်ဗိုလ်ဟောင်း ဗိုလ်ကြီး ရုမ်းမှ ဟစ်တလာကို များစွာ အကူအညီပေးခဲ့၏။
၁၉၂၁ ခုနှစ်တွင် ဟစ်တလာသည် ဘာလင်မြို့သို့ သွားရောက်ခဲ့သည်။ အပြန်တွင် ပါတီတွင်းတိုက်ပွဲ ဖြစ်ခဲ့သည်။ ဟစ်တလာ နိုင်ခဲ့သည်။ အာဏာရှင်ခေါင်းဆောင် စတင် ဖြစ်လာ ခဲ့သည်။ ထိုကာလတွင် ဟစ်တလာဦးဆောင်၍ အခြားပါတီ၏ တရားပွဲဖျက်မှုဖြင့် ထောင်ဒဏ် ၇ လ အပြစ်ပေး ခံခဲ့ရပြီး တစ်လသာ ထောင်ထဲတွင် နေခဲ့ရသည်ဆို၏။ ထောင်မှလွတ်ခဲ့ပြီး ၁၉၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကာကွယ်ရေးဥပဒေ ကြမ်းကို ကန့်ကွက်သည့် လူထုဆန္ဒပြပွဲကြီးကို နာဇီပါတီမှ ဦးဆောင်ကျင်းပခဲ့သည်။ ဟစ်တလာ၏နာမည်မှာ ပို၍ ကျော် ကြားခဲ့လေပြီ။ အာဏာပိုင်များ၏ရန်သူ နံပါတ်တစ် စာရင်းဝင် လည်း ဖြစ်ခဲ့ရလေ၏။
၁၉၂၃ ခုနှစ်တွင် အခြားပါတီ ၄ ပါတီနှင့်ပူးတွဲကော်မတီ ဖွဲ့နိုင်ခဲ့သည်။ နာဇီမုန်တိုင်းတပ်သားများ ဖွဲ့စည်းခဲ့ရာ တပ်သား နှစ်သောင်းကျော်ထိ ရှိခဲ့ပြီး အခြားပါတီနှင့် သမဂ္ဂအဖွဲ့များအံ့ဩ တုန်လှုပ်ခဲ့ကြသည်ဆို၏။ တပ်မှူးအဖြစ် ဂိုအားရင်း၊ ဟင်းမလား၊ စထရက်ဆားတို့ပါဝင်ခဲ့ကြပြီဆို၏။ စက်တင်ဘာလ ၂ ရက်နေ့ တွင် ဟစ်တလာ ဦးဆောင်၍ နုရင်ဘတ်မြို့တွင် လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြန်၏။ အောင်မြင်ခဲ့ပြန်၏။ အဆိုပါ ဆန္ဒပြပွဲကြီးတွင် ဗိုလ်ချုပ်ကြီးဟောင်း လူဒင်ဒေါ့ပင်ကိုယ်တိုင် ပါဝင်ခဲ့သည်။ ဟစ်တလာမှာ ပို၍ ကျော်ကြားခဲ့ပြန်လေ၏။
ဟစ်တလာသည် နိုင်ငံရေးတွင် အနိုင်ရရေး၊ နေရာရရှိ ရေး၊ အသိအမှတ်ပြုလာစေရေးအတွက် နည်းမျိုးစုံအဖုံဖုံ အသုံးပြု ခဲ့သည်။ ထိုကာလတွင် ဟစ်တလာသည်’အာဏာသိမ်းပွဲ’ လုပ်ခဲ့သေး၏။ မအောင်မြင်ခဲ့ပါ။ ထောင်ဒဏ် ၅ နှစ် အပြစ်ပေး ခံခဲ့ရ၏။ နိုင်ငံတော် ပုန်ကန်မှုဖြင့် ၁၉၂၄။ ၁၉၂၅ ခုနှစ်တွင် ထောင်မှလွတ်ခဲ့ပြန်လေ၏။ ဟစ်တလာ ကို စကားမပြောရဟု အာဏာပိုင်များမှ အမိန့်ထုတ်ခဲ့လေ၏။ ၁၉၂၈ ခုနှစ်အထိ။ ထို့ကြောင့် စာရေး၍ ကျွနု်ပ်၏ကြိုးပမ်းမှု’ ဟူသောစာအုပ် ကိုထုတ်ဝေခဲ့လေ၏။
ထိုကာလတွင် ပါတီဝင်ဦးရေမှာ သိန်း ကျော်ခဲ့ပြီဆို၏။ ၁၉၂၉ ခုနှစ်တွင် နှစ်သိန်းနီးပါးရှိခဲ့သည်။ နာဇီပါတီဝင် များကို နာဇီကျောင်းသားအဖွဲ့ နာဇီမုန်တိုင်းတပ်ဖွဲ့ ၊ နာဇီကျောင်း ဆရာများအဖွဲ့၊ နာဇီဆရာဝန်သမဂ္ဂ၊ နာဇီရှေ့နေများသမဂ္ဂ၊ နာဇီ လူငယ်အဖွဲ့ စသည့် အဖွဲ့ပေါင်းများစွာ ဖွဲ့စည်းပေးခဲ့သည်။ ၁၉၃ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် နာဇီပါတီ အနိုင်ရလုလုနီးပါးဖြစ်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် နာဇီမုန်တိုင်းတပ်သားပေါင်းပင် တစ်သိန်းနီးပါး ရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် နာဇီပါတီအာဏာ ရလာခဲ့လေ၏။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာ သည် ဂျာမနီပြည်၏ ဝန်ကြီးချုပ်ရာထူးကို တရားဝင် ရရှိခဲ့လေ သည်။ ပါလီမန်တွင် ဆက်လက်အနိုင်ရရှိအောင် ကြိုးစာခဲ့ရာတွင်လည်း နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ရာ အနိုင်ရရှိခဲ့လေ၏။
၁၉၃၄ခုနှစ်တွင် ဂျာမနီနိုင်ငံတော်သမ္မတကြီးဟင်ဒင်ဘတ် ကွယ်လွန်ခဲ့ရာ တစ်နာရီအတွင်းမှာပင် ဝန်ကြီးချုပ်ဟစ်တလာသည် သမ္မတကြီး၏ အရိုက်အရာကို ဆက်ခံရုံမျှမက ဂျာမန် လက်နက်ကိုင်တပ်ပေါင်းစုံ၏ စစ်သေနာပတိချုပ်ရာထူးကိုပါယူ၍ နိုင်ငံတော်ကို ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟူ၏။ ၁၉၃၅ ခုနှစ်တွင် အင်္ဂလိပ်၊ ပြင်သစ်အပါအဝင် နိုင်ငံကြီးများသည် ဟစ်တလာ အန္တရာယ်ကို ကြိုမြင်ခဲ့ကြရလေသည်။ ဂျာမနီသည် စစ်အင်အားကို တဖြည်းဖြည်း တိုးချဲ့ခဲ့ရာ စစ်သားဦးရေ ၅ သိန်း ၅ သောင်းပင် ရှိခဲ့သည်ဆို၏။ ဂျာမနီ ကို အိမ်နီးချင်း တိုင်းပြည်များမှ ဝိုင်း၍ ကန့်ကွက်ခဲ့ကြသည်။
သို့သော် ဟစ်တလာသည် ဂရုမစိုက်။ သို့နှင့် ၁၉၃၆ ခုနှစ်၊ မတ်လတွင်ပြင်သစ်ပြည်ကို စတင် တိုက်ခိုက်ခဲ့လေတော့သည်။ အီတလီခေါင်းဆောင် မူဆိုလီနီနှင့် လက်တွဲခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဩစတြီးယားကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ချက်ကိုစလိုဗေးကီးယားကို သိမ်းပိုက်သည်။ ထိုနှစ်မှာပင် ပိုလန်နိုင်ငံကိုလည်း သိမ်းပိုက်ခဲ့လေ၏။ ဂျူးလူမျိုးတို့ သုတ်သင်ရေးစီမံကိန်းကိုလည်း ထိုကာလများတွင် စတင်ခဲ့လေ၏။ ၁၉၄ဝ တွင် ဟစ်တလာ၏ အစီအစဉ်များသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည် ။ ဗြိတိသျှ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နော်ဝေးတို့၏ တပ်ပေါင်းများစွာ၊မြို့ ပေါင်းများစွာမှ ဂျာမနီတပ်များကို ခုခံတိုက်ခိုက်ခဲ့ရသည်။
ဟစ်တလာ၏ ဦးဆောင်မှု အောက်တွင် နာဇီဟုခေါ်သော လူတစ်စုသည် ဂျာမနီနိုင်ငံတွင် အာဏာရှင်စနစ်ကို ကျင့်သုံးကာ “တတိယ ဂျာမနီ နိုင်ငံတော်” ကို တည်ထောင်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်မှစ၍ အခြားသော နိုင်ငံရေးပါတီများကို အဓမ္မဖျက်သိမ်းခဲ့ပြီး၊ အချို့သော ပါတီများကို ရပ်တည်၍ မရအောင် နည်းအမျိုးမျိုးဖြင့် နှောင့်ယှက် ဖျက်ဆီးခဲ့သည်။ နာဇီအစိုးရကို ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားသူများ အားလုံးကို ရှာဖွေဖမ်းဆီးစေပြီး နာဇီ အကျဉ်း စခန်းများသို့ ပို့ဆောင်ချုပ်နှောင်၍ အဆုံး၌ ကွပ်မျက် သတ်ဖြတ်လိုက်ကြသည်။
ဟစ်တလာနှင့်သူ၏ အပေါင်းအပါများသည် ဥရောပတစ်ခွင်တွင် မှီတင်းနေထိုင်ကြသော “ဂျူး” လူမျိုးများ၊ အခြားသော ဘာသာဝင်များ၊ လူမျိုးခြားတိုင်းရင်းသားများ အပါအဝင် အခြားသော လူ့အဖွဲ့အစည်းဝင်များကို လိုက်လံရှာဖွေပြီး ရက်စက်သောနည်းမျိုးစုံဖြင့် စနစ်တကျ သတ်ဖြတ်လိုက်ကြသည်။ နာဇီတို့၏ ထိုလုပ်ရပ်များကြောင့်ပင် ဒုတိယကမ္ဘာစစ်မီး စတင်တောက်လောင်ခဲ့ပြီး ကလေးသူငယ်များ မိခင်များ အမျိုးသမီးများအပါအဝင် ၃၉ သန်းသော လူများ အသက်ဆုံးရှုံခဲ့ရသည်။ ထိုအထဲတွင် ဂျူးလူမျိုး ခြောက်သန်းသည်လည်း နာဇီတို့၏ လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ကြရသည်။ ဥရောပတိုက်ကြီး၏ ဒေသအတော်များများသည်လည်း စစ်ဘေးစစ်ဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွပြီး အဆုံးအရှုံးများစွာကို ရင်ဆိုင်ခဲ့ရတော့သည်။
၁၉၄၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံကို ဝင်ရောက် တိုက်ခိုက်ခဲ့လေ၏။ သို့သော် ဟစ်တလာ၏စစ်မျက်နှာများ လက်တံရှည်လျားလှသဖြင့် ထိုအချိန်မှစ၍ မနိုင်မနင်းဖြစ်ကာရှိနေခိုက်တွင် ဂျပန်နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့သေး၏။ သို့သော် ထိုအချိန်တွင် ဟစ်တလာသည် စစ်ပန်းနေခဲ့ပြီ။ မကြာခင်မှာပင် ဂျပန်တို့၏ ပုလဲဆိပ်ကမ်းဗုံးကြဲ မှုကြီးသည် အမေရိကန်တို့ ရန်စကျူးကျော်ခြင်းဖြစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းသို့ အမေရိကန် ဝင်ရောက်လာခဲ့ခြင်းသည် ဟစ်တလာနှင့် နောက်ပါမိတ်ဆွေနိုင်ငံများအတွက် ဆုံးရှုံးခြင်း နိမိတ်ဟု ယူဆခဲ့ကြသည်ဆို၏။
ထိုသို့နှင့် ၁၉၄၁-၄၂-၄၃-၄၄ ခုနှစ်များတွင် ဟစ်တလာ သည် ဘေးကြပ်နံကြပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး တစတစ စစ်ရှုံးကာ မျက်ကန်းတစ္ဆေမကြောက် ပုံစံနှင့်သာရှိနေခဲ့လေ၏။ ၁၉၄၅ ခုနှစ်တွင် ဟစ်တလာ၏ ရှိသမျှတပ်ပေါင်းများစွာ ပျက်စီးခဲ့၍ မဟာမိတ်တပ်များနှင့် ဆိုဗီယက်တပ်နီတော်၏ ထိုးစစ်ဒဏ် များကို လုံးဝခုခံနိုင်ခြင်းမရှိတော့ဘဲ ပြိုကွဲပျက်စီးခဲ့ရလေတော့ သည်။ ဟစ်တလာကို လုပ်ကြံမှုကြီးပေါင်းများစွာနှင့် သတ်ဖြတ်ရန်ကြံစည်ခဲ့ကြသော်လည်း မသေခဲ့ပဲ သူ၏ဝန်မခံသော နောက်ဆုံးချစ်သူ အိဗာဗရွန်းနှင့်အတူ ၁၉၄၅ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံးနေထိုင်ရာ စံအိမ်တော်ဝင်း ပုန်းခိုကျင်းကြီးထဲတွင်မိမိကိုယ်မိမိ သေနတ်ဖြင့် သေကြောင်းကြံ ကွယ်လွန်ခဲ့သည်ဟုသိရှိရသည်။
( ဟစ်တလာ၏ ဘဝဇာတ်သိမ်းခန်းမှာ မရေရာလှချေ။ ရုရှ ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့ကမူ ဟစ်တလာသည် အီဗာဗရွန်း ဆိုသူ အမျိုးသမီးကို လက်ထပ်ပြီးနောက် လေယာဉ်ပျံဖြင့် လွတ်မြောက်ကောင်း လွတ်မြောက်သွားမည်ဟု ဆို၏။ သို့သော် ၁၉၄၅ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်သော မဟာမိတ် အုပ်ထိန်းရေး ကောင်စီ၏ ပြန်တမ်းအရမူ ဟစ်တလာနှင့် အီဗာ ဗရွန်းတို့သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် လက်ထပ်ကြပြီးသော် ၃ဝ ရက်နေ့ ၂ နာရီခွဲကျော်ကျော်တွင် ကိုယ့်ကိုယ်ကို သတ်သေကြသည်။ သူတို့၏ အလောင်းများကို မီးရှို့လိုက်ကြသည်ဟု ဆိုလေသည်။
သို့ဖြင့် မည်သူမျှ တပ်အပ် သေချာစွာ မပြောနိုင်သေးသည့်ပြင် ထိုသို့ တတ်အပ်သေချာစွာ မပြောသည်နှင့်အမျှ ဟစ်တလာသည် တစ်နေ့သော် ပြန်လာ၍ သူတို့ကို ကယ်တင်လိမ့်ဦးမည်ဟု ယုံကြည်နေသူတို့ကား အများအပြားပင် ရှိနေကြသေးသည်။ ဟစ်တလာသည် မသေသေးပဲ သူ၏အထူးနည်းပညာရှင်အဖွဲ့နှင့် အတူ ကမ္ဘာ့အပြင်ဘက်တွင်နေထိုင်နိုင်ကြောင်း ဆိုသူများလည်း ရှိကြသည်။ ရေငုပ်သင်္ဘောနှင့်အတူ တောင်အမေရိကသို့ ထွက်ပြေးကာ လျို့ဝှက်အခြေချနေထိုင်ခဲ့သည်ဟု ဆိုသူများကလည်း ဆိုကြပြန်သည်။
၁၉၅၆ ခုနှစ်တွင် ရှရု တို့၏ အချုပ်ထောင်မှ လွတ်မြောက်လာခဲ့သော ဟစ်တလာ၏ ကိုယ်ရံတော်တစ်ဦးဖြစ်သူ ဗိုလ်မှူးအော့တိုးဂွန်း ရှေးက ဟစ်တလာသည် မိမိကိုယ်ကိုမိမိ သေနတ်နှင့်ပစ်၍ အဆုံးစီရင် ကြောင်း၊ ကြင်ယာတော် အီဗာဗရွန်း ကမူ အဆိပ်သောက်၍ အဆုံးစီရင်ခဲ့ကြောင်း၊ ထိုနောက် သူတို့၏ အလောင်းများကို အော့တိုးနှင့် အပေါင်း ပါတို့က ဓာတ်ဆီဖျန်း၍ မီးရှို့လိုက်ကြ ကြောင်း၊ သို့သော် ရုရှတပ်များ ချဉ်းကပ်လာသည်နှင့် မီး ကောင်းစွာ လောင်သည်အထိ မစောင့်နိုင်တော့ပဲ မြေမြှုပ် သြင်္ဂိုဟ်ရန် တပည့်များကို မှာကြားခဲ့ကြောင်းနှင့် သတင်းစာ ဆရာများကို ပြောကြားခဲ့လေသည်။ )
ဟစ်တလာ ရေးဆွဲခဲ့သော ပန်းချီကားများ
Discussion about this post