ငွေတာရီသည် မြန်မာစာပေလောကတွင် ထင်ရှားသော ကဗျာဆရာမတစ်ဦးဖြစ်ခဲ့သည်။ ငွေတာရီ၏ အမည်ရင်းက ဒေါ်ခင်ရီ ဖြစ်သည်။ ငွေတာရီကို ၁၉၂၅ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက် တွင် ရန်ကုန်မြို့ ဗြိတိသျှဘားမားဦးညွန့် နှင့် ဒေါ်ချစ်တင်တို့က မွေးဖွားခဲ့သည်။
ငွေတာရီသည် ငယ်စဉ်က ရန်ကုန်မြို့ မြို့မမိန်းကလေးအထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ အသက် ၁၂နှစ်အရွယ် ခုနှစ်တန်းကျောင်းသူဘဝ၌ပင် ဆရာဇော်ဂျီ နှင့် ဆရာမင်းသုဝဏ် တို့၏ ကဗျာများကို လေ့လာကျက်မှတ်ကာ ကဗျာရေးစပ်သီကုံးခဲ့သည်။
အသက် ၁၄နှစ်အရွယ် ၊ ၁၉၃၉ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် ကျောင်းထွက်လိုက်ရသည်။ ထို့နောက်ရှေးဟောင်း မြန်မာစာပေများကို မောင်သုတ(ဗိုလ်မှူးဘသောင်း) ထံတွင်လည်ကောင်း ၊ အင်္ဂလိပ်စာပေကို မစ္စက်မနိုးထံတွင်လည်ကောင်း သင်ယူခဲ့သည်။
ငွေတာရီသည် အသက် ၁၈နှစ်အရွယ် ၁၉၄၃ခုနှစ်တွင် မိမိတို့နေထိုင်ရာ တာမွေရပ်ကွက်မှ လူငယ်များထုတ်ဝေသည့် တက်သစ်လက်ရေးစာစောင်၌ စတင်ရေးသားခဲ့သည်။ ထို့နောက် စာနယ်ဇင်းများသို့ ကဗျာများရေးသားပေးပို့ကာ စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ငွေတာရီအသက် ၁၈နှစ်အရွယ် ၁၉၄၃ခုနှစ်၌ပင် မိခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။
ငွေတာရီသည် ဒီးဒုတ်ဦးဘချို၏သမီး ပါလီမန်အမတ်မခင်ပု(စာရေးဆရာမ ငွေဝတ်ရည်) နှင့်လည်း ခင်မင်သူဖြစ်ရာ သူငယ်ချင်းတစ်ဦးနှင့် တစ်ဦး ဒီးဒုတ်ဂျာနယ်နှင့် ယုဝတီဂျာနယ်များတွင် အပြန်အလှန်ကဗျာများရေးဖွဲ့ကြသည်။ ငွေဝတ်ရည်မှာ ငွေတာရီထက်စော၍ ကွယ်လွန်သွားခဲ့ရာ ငွေတာရီက သူငယ်ချင်းဖြစ်သူအားတမ်းတလျှက် ကဗျာရေးဖွဲ့ခဲ့သည်။
ငွေတာရီသည် ၁၉၄၄ခုနှစ်တွင် မင်ဆေးရည်ပဲ မှုန်သလားနှင့် ကဗျာရှင်ဝထ္ထုတို ၊ ၁၉၄၇ခုနှစ်တွင် မာလာမြိုင်ကဗျာများစာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၄၈ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့သွားရောက်လေ့လာခဲ့သည်။ အသက် ၂၇နှစ်အရွယ် ၁၉၅၂ခုနှစ်တွင် အင်းစိန်ခရိုင်ပညာဝန် ဦးဝင်းမောင်(စာရေးဆရာ မင်းယုဝေ) နှင့် လက်ဆက်ခဲ့သည်။
ငွေတာရီသည် ၁၉၅၄ခုနှစ်တွင် ခင်ပွန်းဖြစ်သူ မင်းယုဝေနှင့် တွဲဖက်ကာ ရတနာကဗျာများ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါသည်။ ထိုနှစ်၌ပင် သူတို့ ဇနီးမောင်နှံနှစ်ဦး တွဲဖက်ဘာသာပြန်ခဲ့သည့် အီစွတ်ပုံပြင်များစာအုပ်အတွက် စာပေဗိမာန်ဘာသာပြန်ဆုကို ရရှိခဲ့သည်။ ၁၉၅၆ခုနှစ်တွင် ခင်ပွန်းဖြစ်သူ မင်းယုဝေနှင့်အတူ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ်လေ့လာရေးကျောင်းသို့ လိုက်ပါသွားရင်း နယ်သာလန် ၊ ဘယ်လ်ဂျီယန် ၊ ပြင်သစ် ၊ အီတလီ ၊ ဆွစ်ဇာလန် ၊ အီဂျစ် ၊ သီဟိုဠ် စသည့်နိုင်ငံများသို့ လှည့်လည်ခဲ့သည်။
နိုင်ငံခြားတိုင်းပြည်များစွာသို့ လည်ပတ်ခဲ့သော်လည်း အခြားတိုင်းပြည်များကို အထင်ကြီးသူမဟုတ်ပေ။ သူ၏ကဗျာတစ်ပုဒ်တွင် “သူ့ရွာသူ့ပြည် သာမောသည်ကို ၊ နှုတ်ရည်စကား ၊ ဘယ်သို့ကြားလည်း ၊ ငါကားမတုန်လှုပ်ပြီတကား” ဟူ၍ ရေးဖွဲ့ထားသည်ကို တွေ့ရှိရပါသည်။ ငွေတာရီ၏ ကဗျာအရေးအဖွဲ့က မြတ်နိုးဖွယ်ကောင်းလှပါသည်။
ကဗျာဆရာမငွေတာရီသည် ၁၉၅၈ခုနှစ် မတ်လ ၁၉ရက် ၊ အသက် ၃၃နှစ်အရွယ်မှာပင် ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်ခဲ့ရရှာသည်။ ငွေတာရီကွယ်လွန်သွားပြီးနောက် ခင်ပွန်းဖြစ်သူမင်းယုဝေက ၁၉၆၀ပြည့်နှစ်တွင် လက်ရွေးစင်ကဗျာတစ်ရာကို ထုတ်ဝေပေးခဲ့ရာ ယင်းစာအုပ်သည်လည်း စာပေဗိမာန်ဆု ရရှိခဲ့သည်။ အသက်ငယ်ရွယ်စဉ်မှာပင် ငွေတာရီ ကွယ်လွန်သွားခဲ့သဖြင့် စာပေလောကတစ်ခုလုံး နှမြောတသ ဖြစ်ခဲ့မိကြသည်။
ကွယ်လွန်သည် အထိ ရေးသားခဲ့သော ကဗျာပုဒ်ရေပေါင်းမှာ ၈ဝဝ ကျော်ခန့် ရှိသည်။ ဝတ္ထုရှည်နှင့် ဝတ္ထုတိုများလည်း ရေးသားခဲ့သည်။ ကမ္ဘာ့ ပုံပြင်များကိုလည်း ဘာသာပြန်ဆိုခဲ့သည်။ ၁၉ မတ် ၁၉၅၈-ခုနှစ်(အသက် ၃၃)၊ ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သည်။ အသက်ငယ်ရွယ်စဉ် ကွယ်လွန်၍ စာပေလောက တစ်ခုလုံးက နှမြောတသ ဖြစ်သည်။ ကွယ်လွန်ပြီးမှ ၁၉၆၀ ပြည့်နှစ်တွင် လက်ရွေးစင်ကဗျာတစ်ရာကို မင်းယုဝေက စီစဉ် ထုတ်ဝေရာ ၎င်းစာအုပ်သည် စာပေဗိမာန်ဆု ရသည်။ ၁၉၆၄ တွင်လည်း ငွေတာရီ၏ စာပေလက်ရာ ဖြစ်သော ဆုနှင့် အခြားဝတ္ထုတိုများ စာအုပ်ကို ထုတ်ဝေသည်။
ငွေတာရီသည် ကဗျာပုဒ်ရေ ၈၀၀ခန့် ရေးသားခဲ့ပြီး ဝထ္ထုရှည်နှင့် ဝထ္ထုတိုများကိုလည်း ရေးသားခဲ့သည်။ ရှင်းလင်းကာ စာဖတ်သူ၏စိတ်နှလုံးကို နိုးကြားစေသော သူ၏ ကဗျာများသည် ကျောင်းသုံးစာအုပ်များတွင် ပြဌာန်းခံခဲ့ရသည်။ ငွေတာရီမဂ္ဂဇင်းသည် ငွေတာရီအား ဂုဏ်ပြုသည့်အနေနှင့် ခင်ပွန်းဖြစ်သူ မင်းယုဝေက ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ငွေတာရီ၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့၊ တာမွေသုသာန်ရှိ စာဆိုဗိမာန်၌ မြှုပ်နှံသည်။ (ကဗျာဆရာမ ငွေတာရီ၏ အုတ်ဂူကို ပထမတာမွေ ၊ ဒုတိယကြံတော ၊ တတိယ ရေဝေး သို့ အဆင့်ဆင့်ပြောင်းရွေ့မြုပ်နှံခဲ့သည်)။မင်းယုဝေက ဇနီးဖြစ်သူ ငွေတာရီ၏ ဂူပေါ်တွင်ငွေတာရီ ဖွဲ့ဆိုခဲ့သည့် “ဘဝကွေ့ဝယ်” ကဗျာထဲမှ အောက်ပါအပိုဒ်ကို ထုတ်နုတ်ရေးထိုးထားသည်။
ဘဝကွေ့ဝယ် ပျော်မွေ့ကြည်သာ၊ သွားလေရာက နှစ်ဖြာလွမ်းခွဲ၊ ရောက်မလွဲတည့်။ ဘဝတိုတို လမ်းတစ်ခို၌ လျှပ်လိုခဏ၊ တွေ့ကြရခိုက် မေတ္တာ့မဏ္ဍိုင်၊ တူစိုက်ပြိုင်စို့။ တတ်နိုင်သမျှ၊ ချစ်ပါကြစို့။ ဘဝလမ်းတာ၊ တိုတောင်းစွာကို သာယာသမှု၊ ငါတို့ပြုစို့ ညစ်ကျူမတင်၊ စိတ်ဖြူစင်ဖြင့် များရှင်လူသူ၊ ငါတို့ကူစို့။
ဆရာတင်နိုင်တိုးရဲ့ ပါလီမန်ခေတ်ထင်ရှားကျော်ကြား မြန်မာအမျိုးသမီးများ စာအုပ်မှ
Discussion about this post