ကပိလဝတ်ပြည်(Kapilavastu) သည် ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး စိုးစံတော်မူသော ပြည်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ရှေးအခါက တိုင်းကြီး (၁၆) တိုင်း ၊ ပြည်ကြီး (၂၀) ဟု ကျော်စောခဲ့သည်။ ထိုအထဲမှ သက္ကတိုင်း (Shakya) ၏မြို့တော်သည် ကပိလဝတ် ဖြစ်သည်။ ယခုအခါတွင်မူ ကပိလဝတ်ပြည်သည် နီပေါနိုင်ငံတောင်ပိုင်း ကပိလဝတ်ပြည်နယ်ထဲတွင် ရှိနေပြီး မြတ်စွာဘုရားကို ဖွားမြင်တော်မူရာ လုမ္ဗိနိဥယျာဉ် နှင့်မူ ၁၆မိုင် အကွာအဝေးတွင် ရှိသည်။ ထိုနေရာသည် အိန္ဒိယပြည် အူတာပရာဒက်ရှ်ပြည်နယ်နှင့် နယ်မြေခြင်း ထိစပ်နေသော နေရာလည်းဖြစ်သည်။
ဗုဒ္ဓမပွင့်မီ ၂ရာစုခန့်က ဥက္ကာကရာဇ်မင်းကြီးသည် သားတော်နှင့် သမီးတော်များကို ဟိမဝန္တာသို့ သွားရောက်နေထိုင်ရန် အမိန့်ရှိခဲ့ရာမှ သားတော် သမီးတော်တို့သည် ကပိရသေ့ကြီး၏ ကျောင်းသင်္ခမ်းအနီးတွင် ရသေ့ကြီး၏ အဆုံးအမကို ခံယူကာ တိုင်းပြည် တည်ထောင်ခဲ့ကြသည်။ ထိုအချက်ကို အစွဲပြု၍ ကပိလဝတ်ပြည်ဟု ခေါ်တွင်သည်။ ကပိလဝတ်ပြည်ကို မြန်မာစာများ၌ ကပ္ပိလဝတ် ဟူ၍လည်း သုံးစွဲကြသည်။
သာကီဝင်မင်းတို့၏ ပြည်ထောင်ချင်းဖြစ်သော ကပိလဝတ်ပြည်နှင့် ကောလိယပြည်စပ်ကြားတွင် ရောဟိဏီမြစ် ဖြတ်သန်းစီးဆင်းသည်။ ခရစ်တော်မပေါ်မီ ၆ ရာစုနှစ်ခန့်က ကပိလဝတ်ပြည်တွင် မင်းအများ အလှည့်ကျ အုပ်စိုးခဲ့၍ မြတ်စွာဘုရား အလောင်းတော် မွေးဖွားခိုက်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြီးစိုးခိုက်ဖြစ်သည်။ နေပြည်တော်၏ မြို့ရိုးမှာ ၁၈ တောင်မြင့်ကြောင်း အမှတ်အသားများ ရှိသည်။
သိဒ္ဓတ္ထမင်းသားသည် သက်တော် ၂၉နှစ်အရွယ်တွင် တောထွက်တော်မူပြီးနောက် သစ္စာလေးပါးကို သိမြင်၍ ဘုရားဖြစ်သည်တွင် ခမည်းတော်မင်းကြီးက အကြိမ်ကြိမ် ပင့်ဖိတ်သဖြင့် ကပိလဝတ်ပြည်သို့ ရာဇဂြိုဟ်ပြည်မှ ကြွလာပြီးသော် ဆွေတော်မျိုးတော် အပေါင်းကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။
မြတ်စွာဘုရားအား ကပိလဝတ် နေပြည်တော်သို့ ကြွပါမည့်အကြောင်း ဖွားဖက်တော် ကာဠုဒါယီအမတ်က ဂါထာ ၆၀ ဖြင့် သီကုံးလျှောက်ထားကြောင်း ကျမ်းဂန်များတွင် အခိုင်အမာဆိုသည်။ ထိုသို့ ပင့်လျှောက်ပုံကို အင်းဝခေတ်တွင် သျှင်အုန်းညိုက ဂါထာ ၆၀ ပျို့တွင် အသေးစိတ် ဖတ်ရှုနာပျော်ဖွယ် ရှိအောင်စပ်ဆိုခဲ့သည်။ ထိုနည်းတူ သျှင်ဥတ္တမကျော်ကလည်း မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွခန်းကို ‘စက်ဆဲ့နှစ်လီ၊ ဒွါဒသီဝယ်’ ချီသော တောလားရတုဖြင့် သီကုံးခဲ့သေးသည်။ ထို့ပြင် ဂါထာ ၆၀ ဝတ္ထုလည်း ရှိသေးသည်။
ဗုဒ္ဓမြတ်စွာသည် ကပိလဝတ်ပြည်သို့ ရောက်မဆိုက်၌ပင် မာနတံခွန် ထူလှသော ဆွေတော်မျိုးတော်များအား ရေအစုံ၊ မီးအစုံ ယမိုက်ပြဋိဟာကို ပြသ၍ ဇာတ်ကြီးဆယ်စောင် အပါအဝင် ဝေဿန္တရာဇာတ်တော်ကို ဟောတော်မူသည်။ ထို့အပြင် နန္ဒာမင်းသားဟု ခေါ်တွင်သော ညီတော် မင်းနန်နှင့် သားတော် ရာဟုလာတို့အား သာသနာ့အမွေအနှစ် ပေးတော်မူသည်။
ထိုပထမအကြိမ် ဘုရားမြတ်စွာသည် ကပိလဝတ်ပြည်သို့ ရောက်တော်မူသည့်အလား နောက်ထပ် အကြိမ်ကြိမ်ကြွရောက်ဖူးကြောင်း ကျမ်းဂန်များတွင် ဖော်ပြထားသည်။ တစ်ကြိမ်၌ ကပိလဝတ်ပြည်သားများနှင့် ကောယိယပြည်သားတို့သည် ရောဟိဏီမြစ်ရေကို လယ်ရေသောက်အဖြစ် အတူတကွ သုံးစွဲကြရာမှ အချင်းပွားကြရာ မြတ်စွာဘုရားသည် ကြွရောက်လာ၍ ငြိမ်းချမ်းရေးကို ဟောပြောကြောင်း၊ နောက်တစ်ကြိမ်၌ကား ဝိဋဋျုဘမင်း၏ ရန်စွယ်ကို တားမြစ်အံ့သောငှါ မြတ်စွာဘုရား နေပြည်တော်သို့ ဒေသစာရီ ဖြန့်ချိကြောင်း ကျမ်းဂန်များတွင် မှတ်တမ်းတင်ထားသည်။ နောက်ဆုံးတွင်ကား ကပိလဝတ်ပြည်သည် ကောသလဘုရင် ဝိဋဋျုဘမင်း၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရပြီးနောက် ကောသလပြည်၏ လက်အောက်ခံနယ်မြေတစ်ခု ဖြစ်သွားခဲ့ရသည်။
အေဒီ ၄ ရာစုနှင့် ၇ ရာစုနှစ်များအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာသော တရုတ်ဘုန်းတော်ကြီး ဖာဟီယန်နှင့် ဟူအင်စန်တို့သည် ကပိလဝတ်ပြည်နှင့် သာသနာတော်ဆိုင်ရာ ဌာနများအကြောင်းကို ကိုယ်တွေ့မှတ်တမ်း တင်ခဲ့ကြသည်။ ဘုန်းတော်ကြီး ဖာဘီယန်က သူ၏ A Record of the Buddhistic Kingdoms စာတမ်းတွင် ကပိလဝတ်ပြည်အကြောင်းကို ထည့်သွင်းရေးသားခဲ့သည်။ ဘုန်းတော်ကြီး ဖာဘီယန်ရောက်ရှိပြီး နှစ် ၂၀၀ ကြာပြီးမှ ရောက်ရှိခဲ့သော ဘုန်းတော်ကြီး ဟူအင်စန်ကလည်း သူ၏ Buddhist Records of the Western World စာတမ်းတွင် ကပိလဝတ်ပြည်အကြောင်းကို ဖော်ပြခဲ့သည်။
ကပိလဝတ်ပြည်အနီး လုမ္ဗိနီအရပ်တွင် သီရိဓမ္မာ သောကမင်းကြီးသည် လုမ္ဗိနီကျောက်တိုင်ကို စိုက်ထူခဲ့သည်။ ကပိလဝတ်ပြည် မြို့တော်ဟောင်းနေရာကို အတိအကျ မပြောသာသေးသော်လည်း နီပေါနိုင်ငံအတွင်းရှိ ပိပရာဝါအမည်တွင်သော ရွာနေရာပင် ဖြစ်မည်ဟု ဆိုကြသည်။ ထိုအရပ်တွင် ကပိလဝတ် အမည်ပါသော မြူတာအိုးများကို တူးဖော်တွေ့ရှိရလေသည်။ ဗုဒ္ဓခေတ်က အဆောက်အအုံ အပျက်အစီးများကိုလည်း ကပိလဝတ်ပြည်တွင် တွေ့နိုင်သည်။ တချိန်က ကပိလဝတ်ရှိရာအရပ်ကို ယခုအခါတွင်မူ Tilaurakot ရွာ ဟုခေါ်တွင်ပြီး လူဦးရေ ၅၆၀၀ခန့်နေထိုင်သည့် အရပ်ဖြစ်လာသည်။
( ပညာရှင်အများစုက Tilaurakot ကို ကပိလဝတ်ဟု သတ်မှတ်ထားကြပေမယ့် အချို့ကတော့ အိန္ဒိယနိုင်ငံမှ Piprahwa ရွာကို ကပိလဝတ်ပြည်အဖြစ် သတ်မှတ်ကြသည်။ Piprahwa ရွာသည် လုမ္ဗိနိဥယျာဉ် နှင့် ၁၂မိုင်အကွာအဝေးတွင်ရှိသည်။ Tilaurakot နှင့် Piprahwa နှစ်နေရာလုံးတွင် အဆောက်အဦးအကြွင်းအကျန်များကို တွေ့ရပြီး ရှေးဟောင်းသုတေသနဆိုဒ်များအဖြစ် သတ်မှတ်ထားသည်)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
Myanmar Wikipedia
Discussion about this post