ရေးသားသူ – မင်းအရိပ်(ရောင်စုံအခန်းငယ်)
ကုန်းဘောင်ခေတ်နှောင်းပိုင်းအကြောင်းပြောမည်ဆိုလျှင် ကင်းဝန်မင်းကြီးဦးကောင်းသည် မပါမဖြစ် သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အင်္ဂလိပ်လက်အောက်သို့ မြန်မာ့ထီးနန်းကျဆုံးခဲ့ရသည့် ၁၂၄၇ခုနှစ်ကိုပင် မြန်မာတို့က “ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်”ဟူ၍ အမှတ်သညာပြုခဲ့ကြသည်။ ဦးကောင်းသည် ကုန်း ဘောင်မင်းဆက် ပြုတ်ခဲ့ရခြင်း၏ တကယ့်တရားခံ ဟုတ်၊ မဟုတ်ကို ကျွန်တော် ငြင်းချက်မထုတ်လိုပါ။ ထို အရာက သမိုင်းသုတေသီတို့၏ အရာဖြစ်သည်။
ကျွန်တော်ဖတ်မှတ်ဖူးသည့် စာအုပ်၊ စာပေများအရမူ ဦးကောင်းသည် ကုန်းဘောင်ခေတ်တွင် ခေတ်မီ မီ ကမ္ဘာကြည့် ကြည့်မြင်နိုင်ခဲ့သည့် နိုင်ငံရေးသမားတစ်ယောက်သာ။ သူသည် အမိန့်နာခံမှုကောင်းသည့် စစ် သားကောင်းတစ်ယောက်မဟုတ်ခဲ့သလို နိုင်ငံအတွက် တီထွင်ဆန်းသစ်မှုများ ပြုလုပ်နိုင်သည့် ပညာရှင် ကောင်းတစ်ယောက်လည်း မဟုတ်ခဲ့ချေ။ သူသည် သူ၏ နိုင်ငံကို ခေတ်မီတိုးတက်စေလိုသော ဆန္ဒရှိပြီး ကြိုး စားသလောက် အကောင်အထည်မပေါ်ခဲ့သည့် နိုင်ငံရေးသမားကောင်းတစ်ယောက်သာ ဖြစ်ပေသည်။
“ကင်းဝန်မင်းကြီးနှင့် ပတ်သက်၍ကား စေတနာရင်းမဆိုးပါ။ မိမိ၏ အကြံအစည်တို့သည် အကြောင်း အမျိုးမျိုးကြောင့် လိပ်ပတ်မလည်ဖြစ်ပြီး မိမိအပေါ်တွင် အပြစ်ဖို့လျက် ကျန်ရစ်ခဲ့ခြင်းဖြစ်လေသည်” ဟု အမျိုး သားပညာဝန်ဦးဖိုးကျားက သူ၏ ပါတော်မူအရေးတော်ပုံစာတမ်းတွင် ရေးသားခဲ့ပါသည်။
ကင်းဝန်မင်းကြီးသည် နိုင်ငံရေးသမားတစ်ယောက်ဖြစ်သည့်အားလျော်စွာ ခေတ်မမီတော့သော သက် ဦးဆံပိုင်ဘုရင်စနစ်အစား စည်းမျဉ်းခံဘုရင်စနစ်ဖြင့် ခေတ်မီအစိုးရအဖွဲ့တစ်ဖွဲ့ ဖွဲ့လိုခဲ့သည်။ သူ၏ အကြံအစည် ကို ထောက်ခံသူတစ်ဦးမှာ ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သော ရွှေပြည်ဝန်ကြီး (ယောအတွင်းဝန်ဦးဖိုးလှိုင်) ဖြစ်သည်။
ဥရောပတစ်ခွင်တွင် လှည့်လည်ခဲ့ဖူးသော ကင်းဝန်မင်းကြီးသည် ၁၈၆၁-၁၈၆၅ခုနှစ်တွင် အခြားလွှတ် တော်ဝန်ကြီးတစ်ဦးဖြစ်သည့် မကွေးမင်းကြီးနှင့် ပူးပေါင်းကာ နိုင်ငံအုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးစာတမ်းတစ် စောင် တင်သွင်းခဲ့သည်။ ၎င်းစီမံကိန်းတွင် ဘုရင်အား သက်ဦးဆံပိုင်ဘုရင်အဖြစ်မှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၏ လက်အောက်ခံအကြီးအကဲအဖြစ် ထားရှိရန်၊ ဘုရင်ကို နိုင်ငံဝန်ထမ်းတစ်ဦးအဖြစ် လစာသတ်မှတ်ပေး ရန်နှင့် ဝန်ကြီးဌာနများဖွဲ့စည်းကာ ဝန်ကြီးများကို ရာထူးဌာနအလိုက် ခန့်ထားရန်တို့ ပါဝင်သည်။
ကင်းဝန်မင်း ကြီးနှင့် မကွေးမင်းကြီးတို့သည် သီပေါမင်းနှင့် စုဖုရားလတ်အား ဥရောပတစ်ခွင် လှည့်လည်လေ့လာရန်လည်း စည်းရုံးခဲ့ကြရာ သီပေါမင်းက သဘောတူသယောင်ယောင် ရှိခဲ့သော်လည်း စုဖုရားလတ်မှ ခွင့်မပြုခဲ့ဟု ဆိုကြ သည်။ ထို့နောက်တွင် ကင်းဝန်မင်းကြီး၏ နိုင်ငံအုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးစီမံကိန်း မအောင်မြင်တော့ဘဲ ဝန်ကြီး(၁၄)ပါး ပါဝင်သော ဝန်ကြီးအဖွဲ့ ဖွဲ့နိုင်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။သို့သော်လည်း ထိုဝန်ကြီးအဖွဲ့ မှာ ဖွဲ့စည်းပြီးလေးလအကြာမှာပင် လာဘ်ပေးလာဘ်ယူမှုများကြောင့် နာမည်ပျက်ခဲ့ကြပေသည်။
၁၈၈၀ခုနှစ်တွင် ကင်းဝန်မင်းကြီးဦးကောင်းသည် နန်းရင်းဝန်ကြီး၊ လွှတ်တော်ဥက္ကဌ၊ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီဥက္ကဌ စသဖြင့် ရာထူးအမျိုးမျိုးခန့်ထားခြင်းခံခဲ့ရသော်လည်း နန်းတွင်းတွင် သြဇာကြီးနေသည့် ရနောင်မင်းသားမောင်မောင်တုတ်ကြောင့် မည်သည့်လုပ်ပိုင်ခွင့်အာဏာမျှ မရရှိခဲ့ပေ။
၁၈၈၂ခုနှစ်တွင် ရနောင်မင်းသားဂိုဏ်းဖြိုခွဲခံခဲ့ရပြီးနောက်မှ ကင်းဝန်မင်းကြီး၏ အာဏာအရှိန်အဝါ ပြန် ကြီးလာခဲ့ရာ ၁၈၈၃ခုနှစ်တွင် ဌာနဆယ်ခုပါသော လွှတ်တော်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် ကျွန် စနစ်တိုက်ဖျက်ရေးစီမံကိန်းကို ရေးဆွဲကာ မန္တလေးရွှေမြို့တော်ရှိ ကျွန်များနှင့် ဘုရားကျွန်များကို သန်းခေါင်စာ ရင်းကောက်ခံပြီး ကျွန်ပိုင်ရှင်များကို ကျွန်ဝယ်စာချုပ်များ တင်ပြစေခဲ့သည်။ ကျွန်များရွေးနုတ်ရန် ရံပုံငွေ တည် ထောင်ခဲ့ပြီး (၁၃၉၄)ယောက်သော ကျွန်များကို ပြန်လည်ဝယ်ယူရွေးနုတ်နိုင်ခဲ့သည်။ သို့သော် ကျွန်စနစ်မှာ ပ ပျောက်မသွားဘဲ အခြားနည်းများဖြင့် တည်ရှိမြဲ တည်ရှိနေခဲ့ပြန်သည်။
၁၈၈၅ခုနှစ်တွင် ကင်းဝန်မင်းကြီးသည် မန္တလေးတက္ကသိုလ်တည်ထောင်ရေးစီမံကိန်းကို ရေးဆွဲတင်ပြ ခဲ့သည်။ ထိုတက္ကသိုလ်တွင် မြန်မာ၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ပါဠိနှင့် အခြားသော ဘာသာရပ်အများအပြား သင်ကြားပေးသွားမည်ဖြစ်ပြီး ထိုတက္ကသိုလ်၏ အဓိပတိအဖြစ် ပြင်သစ်လူမျိုး ဒေါက်တာဘိုဒန်အား တာဝန်ပေး ထားပြီးဖြစ်သည်။ သို့သော် သီပေါမင်းက စာပြဆရာတစ်ဦးကို လစာငွေတစ်ရာမျှသာ ထောက်ပံ့ခွင့်ပြုခဲ့ရာ တက္ကသိုလ်ဆရာတစ်ဦးအား ထိုမျှလောက်လစာငွေဖြင့် ခွင့်ပြုရန်မသင့်ဟု တင်ပြကြသောကြောင့် တည်ထောင် အံ့ဆဲဆဲ မန္တလေးတက္ကသိုလ်စီမံကိန်းသည်လည်း အလိုလိုပင် နိဌိတံသွားရလေသည်။
ဦးကောင်း အကောင်အထည်ဖော်ဖြစ်ခဲ့သည့် စီမံကိန်းမှာကား အထက်မြန်မာနိုင်ငံတော်အတွက် ခရိုင် များခွဲ၍ အုပ်ချုပ်စေသော အုပ်ချုပ်ရေးစီမံကိန်းဖြစ်သည်။ အဆိုပါအုပ်ချုပ်ရေးစီမံကိန်းတွင် အထက်မြန်မာနိုင်ငံ အား ဆယ်ခရိုင်ခွဲကာ ခရိုင်ဝန်များခန့်အပ်၍ အုပ်ချုပ်ရန်ဖြစ်ပြီး ၁၈၈၄ခုနှစ်တွင် သီပေါမင်းအား အကြံပေးကာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထိုသို့ ခရိုင်ဝန်များ ခန့်အပ်ခွဲဝေအုပ်ချုပ်စေခြင်းဖြင့် ခရိုင်ဝန်များ၊ လွှတ်တော် နှင့် ဘုရင်တို့အကြားတွင် စနစ်ကျသော ဆက်သွယ်ရေးပုံမှန်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။
ကိုးကား
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ ၁ – မြသန်းတင့်
မင်းအရိပ်(ရောင်စုံအခန်းငယ်)
ကင်းဝန်မင်းကြီးနဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ရက်က ဆရာ သန်းမြင့်ဦး(Thant Myint-U) ရေးထားတာလေးကိုလည်း ပြန်လည်မျှဝေလိုပါတယ်။
ယနေ့သည် ကင်းဝန်မင်းကြီး (၁၈၂၂ ဖေဖော်ဝါရီလ ၃ – ၁၉ ၀၈ ဇွန်လ ၃၀) ၏ မွေးနေ့ဖြစ်၏။
ကင်းဝန်မင်းကြီး(ဦးကောင်း)သည် ၁၈၇၀ ပြည့်နှစ်လွန်နှင့် ၁၈၈၀ အစောပိုင်းကာလ၌ ဗမာပြည် (မြန်မာပြည်)၏ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ပညာရှိသုခမိန်တစ်ဦးသာမက သံတမန်တစ်ဦးဖြစ်သည့် ကင်းဝန်မင်းကြီးသည် သမိုင်း၊ ဥပဒေသိပ္ပံနှင့် စာပေကျမ်းဂန်များစွာကို ပြုစုရေးသားခဲ့သည်။
ထိုခေတ်ကာလ ရွယ်တူမျိုးဆက်များကဲ့သို့ပင် ကင်းဝန်မင်းကြီး၏မေ ျှာ်မှန်းချက်မှာ စနစ်ဟောင်းနှင့်စနစ်သစ်တို့ထံမှ အကောင်းဆုံးများကို ယူကာ ရောနှောပေါင်းစပ်ထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်သောမြန်မာနိုင်ငံ ဖြစ်ပေသည်။ နောက်ဆုံးပေါ် နည်းပညာနှင့် အတွေးအခေါ်များကို ပြည်တွင်းသို့ တင်သွင်းရန်နှင့် တစ်ချိန်တည်းမှာပင် ရာစုနှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့ခဲ့သော ယဉ်ကျေးမှုအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာကွယ်ရန် လိုလားခဲ့၏။
၁၈၇၁ ခုနှစ်တွင် ဘုရင်မှ ဥရောပသို့ ပထမဦးဆုံးစေလွှတ်သည့် သံတမန်အဖွဲ့ကို ကင်းဝန်မင်းကြီး ဦးဆောင်ခဲ့သည်။ ထိုသံအဖွဲ့သည် ယူကေ၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် ရက်သတ္တပတ်အတော်ကြာ ကုန်ဆုံးခဲ့ပြီးနောက် ကမ္ဘာ့ဇာတ်ခုံတွင် မြန်မာနိုင်ငံ၏အခြေအနေ၊ စက်မှုလုပ်ငန်းများထွန်းကားခြင်းကြောင့် အင်အားကြီးထွားလာစပြုနေသော အနောက်အရပ်နှင့်ယှဉ်လ ျှင် မြန်မာနိုင်ငံ၏ အားနည်းချက်၊ နိုင်ငံတိုးတက်ခေတ်မီရေးအတွက် အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်နေမှုတို့ကို နားလည်သဘောပေါက်မှုကြီးစွာဖြင့် နေရပ်သို့ပြန်လာခဲ့ကြသည်။
၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်းကြီး နတ်ရွာစံသောအခါ ကင်းဝန်မင်းကြီးနှင့် အပေါင်းအပါများသည် အုပ်ချုပ်မှုစနစ် အလုံးစုံပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံ့စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေး နှစ်ရပ်အတွက်သာ ရည်ရွယ်ချက်ထားကာ ပြုပြင်ပြောင်းလဲလုပ်ငန်းရေးလုပ်ငန်းများ ဆက်တိုက်အကောင်အထည်ဖော်ရန် တွန်းအားပေးနိုင်ခဲ့သည်။ ဥရောပ၌ ပညာသင်ကြားခဲ့သူအချို့ ပါဝင်ခဲ့သည့် ၁၈၇၈ ခုနှစ် မြန်မာအစိုးရသည် မြန်မာ့သမိုင်းတွင် ပညာအတတ်ဆုံးသော အစိုးရအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ခဲ့သည်။
၁၈၈၀ ပြည့်နှစ် ရှေးရိုးစွဲများ၏ခေါင်းမာမှု၊ ဆုတ်ယုတ်လာသော နိုင်ငံတွင်းစီးပွားရေးအခြေအနေ၊ ကချင်တောင်တန်းနှင့် ချင်းနယ်စပ်ဒေသတလေ ျှာက်တွင် မငြိမ်မသက်ဖြစ်မှု၊ ဗြိတိသ ျှတို့၏ သွေးထိုးလှုံ့ဆော်မှု၊ အစိုးရအဖွဲ့အတွင်း ဂိုဏ်းဂဏကွဲမှု စသည်တို့ အားလုံးကြောင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် တဖြည်းဖြည်းအားနည်းသွားပြီး နောက်ဆုံးတွင် ပျက်စီးခြင်းကိန်းသို့ ဆိုက်လေတော့သည်။
လူအများက “ဦးကောင်းလိမ်ထုတ် သီပေါပြုတ်”ဟူ၍ ဘုရင်နန်းကျခြင်းအတွက် ကင်းဝန်မင်းကြီးအား အပြစ်ပုံချကြသည်။ သို့သော် မြန်မာနိုင်ငံလွတ်လပ်ရေးကို ထိန်းသိမ်းနိုင်မည့် လက်တွေ့ကျသောနည်းလမ်းကို ရှာဖွေရန် အားသွန်ခွန်စိုက်ကြိုးစားခဲ့သူမှာ ကင်းဝန်မင်းကြီး တစ်ဦးတည်းသာလ ျှင် ဖြစ်၏။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသ ျှ နယ်ချဲ့ တို့ မုချဝင်ရောက်တော့မည်ကို ကင်းဝန်မင်းကြီး သိရှိသည့်အခါ မြန်မာနိုင်ငံကို ဗြိတိသ ျှအိန္ဒိယ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထားရှိသော်လည်း မြန်မာမင်းသားအသစ်တစ်ဦး ခန့်အပ်အုပ်ချုပ်သည့် အထိန်းသိမ်းခံနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ညှိနှိုင်းတောင်းဆိုခဲ့ပါသေးသည်။
ကင်းဝန်မင်းကြီးသည် သူ့ကမ္ဘာကြီး တစ်စမကျန် ပျက်ယွင်းသွားသည်ကို ရင်နာစွာဖြင့် မျက်မြင်ကြုံတွေ့သွားရသည်အထိ အသက်ရှည်ခဲ့ပြီး ၁၉ ၀၈ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့လေသည်။
(Thant Myint-U)
Discussion about this post